ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေရှိသဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ်ခံစားရနိုင်သည့် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်း၍လှူဒါန်းသော ထိုင်းဘတ်ငွေ ၁,၀၇၇,၂၆၃ တန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် ၁၅၈,၆၄၀ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို မေလ ၈ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါခေါက်ဆွဲခြောက်များကို ရခိုင်ပြည်နယ်သို့ အထုပ် ၃၀,၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးသို့ အထုပ် ၃၀,၀၀၀ တို့ကို ကြိုတင်ဖြန့်ခွဲပေးပို့သွားမည်ဖြစ်သည့်အပြင် ကျန်ခေါက်ဆွဲထုပ်များကို လိုအပ်သည့်နေရာများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီး၍ မေလ ၈ ရက်မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ အတွင်းရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၉-၅-၂၀၂၃)
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိခဲ့။
- မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ်ခံစားရနိုင်သည့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက စုပေါင်း၍ ထိုင်းဘတ်ငွေ ၁,၀၇၇,၂၆၃ တန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်းခဲ့။
- သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC)ကို မေလ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသားကော်မတီလက်အောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိ။
Add new comment