နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၈ ရက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်တွင် သဲနှုန်းများ များပြားလာပြီး ကန်အဆင့်မြှင့်တင်ရန် လိုအပ်လာသည့်အတွက် ကန်တော်၏ အရှေ့ဘက်ခြမ်းတွင် သဲနှုန်းများ တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ ကန်တော်အတွင်းရှိ မင်္ဂလာရှမ်းကန်ရေလယ်ဘုရားနှင့် ဘုရားကျောင်းဆောင်ကို အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က

  • ကန်တော်မင်္ဂလာရှမ်းကန်သည် ပျဉ်းမနားမြို့၏ကျက်သရေဆောင် ကန်တော်တစ်ခုဖြစ်ပြီး အမည်နာမနှင့် လိုက်ဖက်ညီအောင် မင်္ဂလာရှိသည့်ကန်တော်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို သာယာလှပမှုရှိစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပျဉ်းမနားမြို့ကိုလည်း ယခင်ကထက် သာယာလှပပြီး အဆင့်မီသည့် မြို့တစ်မြို့ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ကန်အဆင့်မြှင့်တင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးပါကလည်း ရေပြန်လည်ဖြည့်တင်းသွားမည့်အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း။
  • မိုးတွင်းကာလတွင် ရရှိလာသည့်ရေများကို အဟောသိကံ မဖြစ်ရအောင်နှင့် အကျိုးရှိအောင်အသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ကန်တော်များအတွင်း ရေများပြည့်နေစေရေးသာမက စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိရေးအတွက်ကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
  • မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏မြို့သန့်ရှင်းသာယာလှပစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်းမှသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာယာလှပမှုရှိလာစေရေး ကိုယ်စီကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်တူးဖော်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၃)

 
   
  • နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို သာယာလှပမှုရှိစေရေး၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပျဉ်းမနားမြို့ကိုလည်း ယခင်ကထက်သာယာလှပပြီး အဆင့်မီသည့်မြို့တစ်မြို့ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်။
  • ကန်အဆင့်မြှင့်တင်တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးပါကလည်း ရေပြန်လည်ဖြည့်တင်းသွားမည့်အစီအမံများကို ကြိုတင်ဆောင်ရွက်ထားရန်လို။
  • မိုးတွင်းကာလတွင် ရရှိလာသည့်ရေများကို အဟောသိကံ မဖြစ်ရအောင်နှင့် အကျိုးရှိအောင်အသုံးချနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်။

Add new comment