ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် မေလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘေးအန္တရာယ်များကြောင့် ပြည်သူများတွင်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိမှုကို ပြောကြာခဲ့ပြီး ဧပြီလ ၂၇ ရက်နှင့် မေ ၅ ရက်တို့တွင် ပြုလုပ်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအစည်းအဝေး၌-
- လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင်ပါဝင်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကဏ္ဍများမှ လုပ်ငန်းစဉ်များနှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက်အဆင့်အထိ အကောင် အထည်ဖော်ကြရမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် အဆင့်ဆင့် အနီးကပ်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ဖြစ်ပွားနိုင်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ရေမှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ပွားမှုမရှိစေရန် လိုအပ်သောသောက်သုံးရေသန့်များ ကြိုတင်စုဆောင်းထားရှိရန်နှင့် ဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ ရေသန့်ဆေးမှုန့်နှင့် ဆေးပြားများအား အချိန်မီဖြန့်ဝေပေးနိုင်ရန်နှင့် ကျန်းမာရေးအသိပညာပေးမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာဒေသများတွင် လိုအပ်နိုင်သည့် ဆေးနှင့်ပစ္စည်းကိရိယာများ၊ Disaster Medical Kit (အရေးပေါ်သုံးဆေးသေတ္တာ) များ၊ Family Kit (မိသားစုသုံးပစ္စည်း)များ၊ Clean Delivery Kit (မီးဖွားရန်အတွက်ပစ္စည်း) များနှင့် Dignity Kit (အမျိုးသမီးသုံးပစ္စည်း)များအား ကျေးလက်ကျန်းမာရေးဌာနခွဲများအရောက် ကြိုတင်ဖြန့်ဝေထားရှိရမည်ဖြစ်ကြောင်း။
- ဆေးရုံများတွင် အရေးပေါ်ခွဲစိတ်ကုသမှု၊ မွေးဖွားမှုအပါအဝင် ကုသမှုလုပ်ငန်းများ နှောင့်နှေးပျက်ကွက်ခြင်းမရှိစေရန် အစီအစဉ်များချမှတ်ကာ ဆောင်ရွက်ထားခြင်းနှင့် လိုအပ်သည့်အရေးပေါ်ဆေးအဖွဲ့များကို ကြိုတင်ဖွဲ့စည်းပြီး အသင့်အနေအထားဖြစ်စေ ရန် ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း။
- တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် တပ်မတော်ဆေးတပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) နှင့်တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကွပ်ကဲမှုစင်တာများကိုလည်း ဖွင့်လှစ်(activate)ထားရှိပြီးဖြစ်ရာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ သည်။
ထို့နောက် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ၎င်းတို့၏ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်နှင့် ဆေးရုံအလိုက်ကြိုတင်ပြင်ဆင်ထားမှုအခြေအနေ၊ အရေးပေါ်စီမံချက်များရေးဆွဲထားမှုအခြေအနေ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာများ ဖွင့်လှစ်ထားရှိသည့်အခြေအနေများ၊ အရေးပေါ်ဆေးဝါးနှင့်ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၃)
- ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သည့် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းကဏ္ဍများမှ လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကြရန် ပြောကြားခဲ့။
Add new comment