၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၆ ရက်တွင် နေပြည်တော်၊ မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ ဂီတအစည်းအရုံးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်အဖွဲ့ဝင်များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတို့က အကယ်ဒမီရွှေစင်ရုပ်တုကို ဒီဂျစ်တယ်စက်ခလုတ်ခုံပေါ်တွင် စိုက်ထူ၍ ဖွင့်လှစ်ပေးကြပြီး Digital Mapping စနစ်ဖြင့် ပုံဖော်ပြသပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနတို့က ဂုဏ်ပြုစီစဉ်တင်ဆက်သည့် “ရာပြည့်မှသည် ရှေ့သို့ချီ” မှတ်တမ်း ဗွီဒီယိုကို ပြသခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက စတင်ပေါ်ပေါက်လာခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်းတစ်ရာပြည့်ခဲ့ပြီး ယခုဆိုလျှင် (၁၀၃) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း။
- နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၏ ယဉ်ကျေးမှုများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် မည်မျှအလေးအနက်ထားဆောင်ရွက်နေသည်ကို အားလုံးတွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါဦးတည်ချက် အောင်မြင်ရန် အတွက် ရုပ်ရှင်အနုပညာသမားများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးကြောင်း။
- အနုပညာတစ်ရပ်ကပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာက ပေးစွမ်းနိုင်မှုများသည် အင်မတန်အရေးပါအရာရောက်သည်ဟု မိမိအနေဖြင့် တွေးမြင်ခံစားမိပါကြောင်း၊
- တစ်နည်းအားဖြင့် ရုပ်ရှင်အနုပညာသည် နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဩဇာသက်ရောက်မှုရှိသည့် Soft Power တစ်ခုဖြစ်သောကြောင့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ၊ ရှင်သန်ကိန်းအောင်းစေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုကြောင်း။
- ပြည်သူထဲက ပြည်သူများဖြစ်ကြသည့် မြန်မာ့ရုပ်ရှင်အနုပညာရှင်များအနေဖြင့် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝများ အနုပညာလုပ်ငန်းများကို ရုန်းကန်လျှောက်လှမ်း ချီတက်နေကြသူများပီပီ အနာဂတ်နိုင်ငံတော်နှင့် ပြည်သူအများစု၏ အကျိုးကို ရှေ့ရှုပြီး အတွေးအခေါ်မှန်မှန်၊ အသိအမြင်မှန်မှန်၊ စိတ်ကောင်းစေတနာများဖြင့် အမျိုးသားရေရည်မှန်းချက် (၂) ရပ်နှင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ် အောင်မြင်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
- ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား (၉၇) ကား၊ ၂၀၂၀ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား(၂၁) ကားနှင့် ၂၀၂၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား (၂၀)ထဲက ချီးမြှင့်သင့် ချီးမြှင့်ထိုက်သည့် ထူးချွန်ဆုများကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း။
- ယခုကျင်းပသည့် ထူးချွန်ဆုပေးပွဲသည် ရုပ်ရှင်လောကတစ်ခုတည်းအတွက်သာမက ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာလောကသားများ အားလုံးအတွက်ပါ ပြန်လည်သက်ဝင်လှုပ်ရှားလာသည့်ပွဲလည်း ဖြစ်ကြောင်း။
- အနုပညာရှင်လောကသားများအားလုံးနှင့် ဆက်နွှယ်နေသည့် ပွဲဟုဆိုလျှင်လည်း မမှားပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေအဖွဲ့အစည်းအားလုံးသည် ယခုပွဲကြီးပြီးသွားပါက အနုပညာနယ်ပယ်အသီးသီးတွင် ယခင်ကလို အရှိန်အဟုန်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် ဆက်လက်လှုပ်ရှား ဆောင်ရွက်သွားနိုင်ကြမည်ဟုလည်း ယုံကြည်ခံစားမိပါကြောင်း။
- ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံများပြသမှု ရပ်ဆိုင်းထားခဲ့ရကြောင်း။
- ယနေ့အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်ထုတ်လုပ်သူများက ကြိုးပမ်းဆောင်ရွက်မှုဖြင့် ၂၀၂၂ ခုနှစ် ဧပြီ (၁၇) ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့် အညီ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
- ယခုနှစ်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တက်ရောက်လာသည့် အနုပညာရှင်များကို ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် နိုင်ငံတကာရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားများတွင် ချီးမြှင့်လေ့ရှိသည့် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
- ထူးချွန်ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် နိုင်ငံနှင့်လူမျိုးကိုချစ်သည့်စိတ်၊ တရားဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံသားကောင်းစိတ်၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးသာယာတိုးတက်စေလိုသည့် စိတ်ကောင်းစေတနာများဖြင့် “ရုပ်ရှင်သည် ပြည်သူ့အတွက်” ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဆက်လက်ဖော်ဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
- ထူးချွန်ဆုမရရှိသေးသည့် အနုပညာရှင်များအနေဖြင့်လည်း လာမည့်နှစ်ကာလများတွင် မိမိတို့၏ အနုပညာစွမ်းပကားကို ဆက်လက်မြှင့်တင် ကြိုးပမ်းရင်း ထူးချွန်ဆုများ ဆွတ်ခူးနိုင်ကြပါစေဟု အားပေးတိုက်တွန်းပြောကြားလိုကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်းတွင် အနုပညာသမားများ၊ မီဒီယာသမားများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ပြီးလည်း ပံ့ပိုးအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများကို အနုပညာရှင်ကြီးများက တစ်ဦးချင်းဖွင့်ဖောက်ကြေညာပြီး ဆုများပေးအပ်ချီးမြှင့်ရာ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု ၂ ဆု၊ အကောင်းဆုံးရုပ်ရှင်တေးဂီတဆု ၂ ဆု၊ အကောင်းဆုံးရုပ်ရှင် အသံဆု ၁ ဆု၊ အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု ၂ ဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု ၁ ဆု၊ အထူးအစီအစဉ်တစ်ခုဖြစ်သည့် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ ( Myanmar Academy Fashion Awards) ၄ ဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ၂ ဆု၊ ရုပ်ရှင်အထူးဆုဖြစ်သည့် အကောင်းဆုံးဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆု ၁ ဆု၊ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု ၁ ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ၂ ဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ၂ ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ၃ ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ၃ ဆု ရရှိခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ကြသူများကိုလည်းကောင်း၊ ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း အကယ်ဒမီရွှေစင်ရုပ်တုများ ပေးအပ် ချီးမြှင့်ရာ ထူးချွန်ဆုရရှိကြသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၃)
- အနုပညာတစ်ရပ်ကပေးလိုက်သည့် အကြောင်းတရားများသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုတန်ဖိုးကို ပြသရာရောက်သည့်အတွက် ရုပ်ရှင်အနုပညာက ပေးစွမ်းနိုင်မှုများသည် အင်မတန်အရေးပါ အရာရောက်သည်ဟု မိမိအနေဖြင့် တွေးမြင်ခံစားမိ။
- ရုပ်ရှင်အနုပညာသည် နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဩဇာသက်ရောက်မှုရှိသည့် Soft Power တစ်ခုဖြစ်သောကြောင့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ၊ ရှင်သန်ကိန်းအောင်းစေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလို။
- မြန်မာ့ရုပ်ရှင်အနုပညာရှင်များအနေဖြင့် မိမိတို့၏ နေ့စဉ်လူမှုစီးပွားဘဝများ အနုပညာလုပ်ငန်းများကို ရုန်းကန်လျှောက်လှမ်း ချီတက်နေကြသူများပီပီ အနာဂတ်နိုင်ငံတော်နှင့် ပြည်သူအများစု၏အကျိုးကို ရှေ့ရှုပြီး အတွေးအခေါ်မှန်မှန်၊ အသိအမြင်မှန်မှန်၊ စိတ်ကောင်းစေတနာများဖြင့် အမျိုးသားရေရည်မှန်းချက် (၂) ရပ်နှင့် နိုင်ငံရေးရည်မှန်းချက်(၂)ရပ် အောင်မြင်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလို။
- ယခုကျင်းပသည့် ထူးချွန်ဆုပေးပွဲသည် ရုပ်ရှင်လောကတစ်ခုတည်းအတွက်သာမက ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာလောကသားများ အားလုံးအတွက်ပါ ပြန်လည်သက်ဝင်လှုပ်ရှားလာသည့်ပွဲလည်းဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်းတွင် အနုပညာသမားများ၊ မီဒီယာသမားများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ပြီးလည်း ပံ့ပိုးအားပေးသွားမည်ဖြစ်။
Add new comment