နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

      (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေလ ၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC – II) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • (၇၇) နှစ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်အားလုံးကို ဂုဏ်ပြုပါ ကြောင်း။
  • ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကလေးရှိ ဇိနတ်အစ္စလာမ် မိန်းကလေးကျောင်းတွင် ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပနိုင်ခဲ့ပြီး (၁၉) ခရိုင်မှ ကိုယ်စားလှယ်ပေါင်း (၁၉၇)ဦး တက်ရောက်ခဲ့ကြပါကြောင်း။
  • ယင်းညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ “မီးသတ်အဖွဲ့သားများ၏တာဝန်မှာ စည်းကမ်းအရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ်ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများပေါ် ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင်လည်း သူရဲကောင်းများ ပေါ်ပေါက်ကြသည့်အနက် မီးသတ်သူရဲကောင်းမှာ သူတစ်ပါးအား တိုက်ခိုက်ရခြင်းမဟုတ်ဘဲ စွန့်စားသူများအနေဖြင့် အထူးမြင့်မြတ်သော သူရဲကောင်းများဖြစ်ကြောင်း” ဖြင့် ထည့်သွင်းပြောကြားသွားခဲ့ပါ ကြောင်း။
  • မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈,၃၃၆ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ကျပ် ၁၅၅ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်းကို မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရပါကြောင်း။
  • နိုင်ငံတစ်ဝန်းလုံး နှစ်စဉ်မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁,၈၀၀ ကျော်ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေသည်ကိုတွေ့ရပါကြောင်း။
  • မီးလောင်မှုအကြိမ်ရေနှင့် မီး‌ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ  စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ကြရမည်ဖြစ်ပါကြောင်း။  
  • မီးသတ်လုပ်ငန်းသည် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီးလုပ်ရသည့်လုပ်ငန်းဖြစ်ရာ ပေးဆပ်မှုအနည်းဆုံးဖြစ်ရေးအတွက် မိမိအလုပ်ကိုကျွမ်းကျင်မှုရှိအောင် အကြိမ်ကြိမ်လေ့ကျင့်နေရန်လိုမည်ဖြစ်ကြောင်း။
  • မီးသတ်တပ်ဖွဲ့သည် ယနေ့အချိန်အထိ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး ဘယ်လိုအခြေအနေမျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့် ပြည်သူ့ အကျိုးပြုတပ်ဖွဲ့တစ်ခု အဖြစ်ရပ်တည်လာခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့သည် နိုင်ငံရေးအရောင်အသွေးကင်းမဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း။
  • ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် စွန့်လွှတ်စွန့်စားစွာနှင့် စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်ခဲ့ကြသည့် ဖြစ်စဉ်သာဓကများစွာ ရှိခဲ့ပြီး နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ၁၉၅၂ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စုငွေတံဆိပ် (၁) ဦး၊ လွတ်လပ်ရေး မော်ကွန်းဝင် (၃) ဦး၊ ဂုဏ်ထူးဆောင်လက်မှတ် (၁၀) ဦး၊ သရေစည်သူဘွဲ့ (၁) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၅) ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(၁၀)ဦး၊ စီမံထူးချွန်တံဆိပ် (၂၃) ဦး၊ လူမှုထူးချွန် တံဆိပ် (၃၆) ဦး၊  သီဟဗလတံဆိပ် (၃) ဦး၊ ရဲသီဟတံဆိပ် (၁) ဦး၊ ရဲသူရတံဆိပ် (၁၆) ဦး၊ ရဲဗလတံဆိပ် (၅၅) ဦး၊ ရဲသူရိန်တံဆိပ် (၇၂)ဦး၊ ရဲကျော်စွာတံဆိပ် (၇၅) ဦး၊ ရဲကျော်သူတံဆိပ် (၄၅) ဦး၊ စုစုပေါင်းဆုတံဆိပ် (၃၅၆) ဦး ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊၊
  • နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချနိုင်ရန် အားထုတ်ကြရန်လိုအပ်ကြောင်း။
  • တပ်ဖွဲ့ဝင်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားအောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူထားရန်လိုအပ်ကြောင်း။
  • မိမိတို့နိုင်ငံသားများကို မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲတင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မီးသတိပြု” သီချင်းသီဆိုခဲ့သော နိုင်ငံကျော်အဆိုတော် ဦးထွန်းရွှေ (၉၀) နှစ်၊ မီးသတ်လုပ်ငန်းများကို စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ အရန် မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်း (၉၄)နှစ်နှင့် စစ်မှုထမ်း(ငြိမ်း)/မီးသတ်ဝန်ထမ်း(ငြိမ်း)တပ်ကြပ်ကြီး ဦးထွန်းကြည် (၉၂) နှစ်တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားတက်ရောက်လာကြသူများသည် မီးသတ်ဦးစီးဌာနပြခန်းတွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်းမီးသတ်ယာဉ်များနှင့် ခေတ်မီ မီးသတ်ယာဉ်/စက်ပစ္စည်းကိရိယာများ၊ ပြည်တွင်းမှ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ(MSME)၊ ပြည်ပမှတင်သွင်း/ ဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီတို့မှ မီးသတ်လုပ်ငန်းဆိုင်ရာပစ္စည်းကိရိယာများ၊ ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  ညနေပိုင်းတွင် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့ ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II)၌ ဆက်လက်ပြုလုပ်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၂)

  • မီးလောင်မှုအကြိမ်ရေနှင့် မီး‌ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ  စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ကြရမည်ဖြစ်။
  • မီးသတ်လုပ်ငန်းသည် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီးလုပ်ရသည့်လုပ်ငန်းဖြစ်ရာ ပေးဆပ်မှုအနည်းဆုံးဖြစ်ရေးအတွက် မိမိအလုပ်ကိုကျွမ်းကျင်မှုရှိအောင် အကြိမ်ကြိမ်လေ့ကျင့်နေရန်လိုမည်ဖြစ်။
  • မီးသတ်တပ်ဖွဲ့သည် ယနေ့အချိန်အထိ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုဆောင်ရွက်ပြီး ဘယ်လိုအခြေအနေမျိုးတွင်မဆို နိုင်ငံရေးအရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာကောင်းများနှင့် ပြည်သူ့ အကျိုးပြုတပ်ဖွဲ့ တစ်ခုအဖြစ် ရပ်တည်လာခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့သည် နိုင်ငံရေးအရောင်အသွေးကင်းမဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်။

Add new comment