နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၅ ရက်တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) သို့ တက်ရောက်အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူချိန်တွင် အဆိုပါကော်မတီကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးခဲ့ကြောင်း။
- နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability) သည် အရေးအကြီးဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ ဆောင်ရွက်ရန် လိုအပ် ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်မှစပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုတစ်ဝန်းလမ်းပန်းဆက် သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အတွက် လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည်မှာ ပညာရည်မြင့်မားမှုဖြစ်ပြီး မိမိတို့အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် ကျောင်းနေအရွယ်အားလုံး အနိမ့်ဆုံး KG+9 အောင်မြင်ရေးဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး ပညာရည်မြင့်မားရေး အလေးထားဆောင်ရွက်ရန် မှာကြားလိုကြောင်း။
- အခြေခံစားကုန်များ၊ သားငါးများ ဒေသအလိုက် ဖူလုံအောင်ကြိုးစားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး/မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်သော ကြောင့် အရေအတွက်ရော အရည်အသွေးပါ ပိုမိုကောင်းမွန်သည့် စိုက်/မွေးထုတ်ကုန်များရရှိအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
- လူမှုစီးပွားအထောက်အကူပြုမည့် ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စား ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက် ပိုမိုဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
- မိမိတို့၏ တိုင်းရင်းသားညီအစ်ကိုများနှင့် ပြည်သူများ မှီတင်းနေထိုင်ကြသည့် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍများ များစွာရှိသေးသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်က နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များအတွက် လူ့စွမ်းအားအရင်း အမြစ် မြှင့်တင်ရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ အခြေခံပညာကဏ္ဍတွင် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃,၀၀၇ ဦး၊ အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄,၀၅၈ ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၄,၇၀၁ ဦးတို့ကို ပညာသင်ကြားပေးနိုင်ခဲ့ကြောင်း။
- သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၉ ကျောင်း ဖွင့်လှစ်ပြီး သင်တန်းသား ၆,၀၇၇ ဦးကို သင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက် ပေးနိုင်ခဲ့သည့်အပြင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၇ ကျောင်းတွင် သင်တန်းသူ ၉၅,၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း။
- တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ကြောင်း။
- ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားသည်ကို ထပ်မံအသိပေးပြောကြားလိုကြောင်း မှာကြားခဲ့။
ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပါသည်။
ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီစီးဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်၊ တိုင်းရင်းသားဒေသအားလုံးအကြား အလပ်မရှိ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာဆိုသည့်စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်သွားကြရန်၊ စက်မှုလက်မှုလုပ်ငန်းများဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် တိုက်တွန်းဖြည့်စွက် ဆွေးနွေးခဲ့ပါသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိ ကျောင်းများ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း။
- နယ်စပ်ဒေသများအတွက် ဆက်သွယ်ရေး (Comm- unication ) သည် အဓိကျသောကြောင့် မဖြစ်မနေဆက်သွယ်မှုရရှိနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
- MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် ထွက်ကုန်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
- နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေကြောင်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးမရှိသည့်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိပါက လည်း ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည် မဟုတ်သည်ကို သတိပြုစေလိုကြောင်း။
- နယ်စပ်ဒေသများသည် နယ်မြေဧရိယာကျယ်ပြန့်သလောက် လူဦးရေသိပ်သည်းဆနည်းပါးကြောင်း၊ ပြည်မနှင့်ကူးလူးဆက်ဆံရန် ခက်ခဲသည့်အတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်မှုများကိုလည်း များစွာတိုးချဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်ဒေသများတွင် ဆက်လက်လုပ်ဆောင်ပေးကြရမည် ဖြစ်ကြောင်း။
- နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် အကူအညီပေးအပ်ထားသည့် ရန်ပုံငွေများနှင့် နယ်စပ်ဒေသအခြေခံအဆောက်အအုံများ တည် ဆောက်ခြင်းနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ဒုတိယဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၃)
- နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability) သည် အရေးအကြီးဆုံးဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံ၍ ဆောင်ရွက်ရန်လို။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်။
- ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားသည်ကို ထပ်မံအသိပေးပြောကြားလို။
- ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးမရှိသည့်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု မရှိပါကလည်း ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည် မဟုတ်သည်ကို သတိပြုစေလို။
- နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အပါအဝင် အကူအညီပေးအပ်ထားသည့် ရန်ပုံငွေများနှင့် နယ်စပ်ဒေသအခြေခံအဆောက်အအုံများ တည် ဆောက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
Add new comment