ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ် ဆီမီးတိုင်များကိုင်ဆောင်၍ လှည့်လည် ပူဇော်ပွဲအခမ်းအနားကို မေလ ၃ ရက်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စုရပ်တပေါင်းကွင်းမှ စတင်ထွက်ခွာကြပြီး ဗျာဒိတ်တော်ခံယူတော်မူခြင်းယာဉ်နှင့် သာသနာ့အလံ၊ ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား၊ ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ဦး၌လည်းကောင်း၊ ဖွားမြင်တော်မူခြင်းယာဉ်နှင့် သာသနာ့အလံ၊ ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများက စေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်ဦး၌လည်းကောင်း၊ ဘုရားပွင့်တော်မူခြင်းယာဉ်နှင့် သာသနာ့အလံ၊ ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား၊ ကျောင်းသူများက စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်ဦး၌လည်းကောင်း၊ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူခြင်းယာဉ်နှင့် သာသနာ့အလံများ၊ ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများက တောင်ဘက်မုခ်ဦး၌လည်းကောင်း ရောက်ရှိနေရာယူခဲ့ကြပါသည်။
သာသနာ့အလံများ၊ ဆီမီးတိုင်များကို ကိုင်ဆောင်ထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမုခ်ဦးများမှတစ်ဆင့် စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်သို့ တစ်ပြိုင်တည်းတက်ရောက်၍ သတ်မှတ်နေရာများ၌ အလံတိုင် များနှင့် ဆီမီးတိုင်များကို စိုက်ထူပူဇော်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)
|
Add new comment