မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော မေလ ၃ ရက်၌ ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်များအား (၁၅) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်တော်များအား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားများသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခြင်း ဖြစ်ပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလို တွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်းစသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)
- ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်များနှင့် လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များအား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့။
- ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာ ဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခြင်းဖြစ်ခဲ့။
- ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်။
Add new comment