ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ကုသိုလ်တော်အဖြစ် မုစလိန္ဒာနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော်စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို မေလ ၃ ရက်တွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ပါသည်။
အခမ်းအနား၌ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား မုစလိန္ဒနဂါးရုံဘုရားကျောင်းဆောင်သို့ မင်္ဂလာစက်ခလုတ်နှိပ်၍ ပင့်ဆောင်ကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ပြီးနောက် အခမ်း အနားတက်ရောက်လာကြသူများနှင့်အတူ မုစလိန္ဒာကန်တော်အတွင်းရှိ ငါးများကို အစာများကျွေး၍ အာဟာရဒါနပြုကြပါသည်။
ထို့နောက် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်တော်အဖြစ် မာရဝိဇယဗုဒ္ဓဥယာဉ်တော်အတွင်း မဟာဗောဓိပင်တော်စိုက်ပျိုးပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဗောဓိပင်တော်စိုက်ပျိုးပူဇော်မည့်နေရာတွင် ကျောက်မျက်ရတနာများကို ထည့်သွင်းပူဇော်ပြီး မင်္ဂလာအချိန်တွင် မဟာဗောဓိပင်တော်ကို စိုက်ပျိုး၍ မြေဆီမြေလွှာမြေဩဇာများ ကျွေးမွေးကာ ရေစင်ရေသန့်များ သွန်းလောင်းပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၃)
- မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကုသိုလ်တော်အဖြစ် မုစလိန္ဒာနဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့။
Add new comment