ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်ဓာတ်စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို မေလ ၁ ရက်တွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်ခဲ့ပါသည်။
အခမ်းအနားသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ပူဇော်ကြခဲ့ကြပါသည်။
ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်အဖြစ် စီသွင်းပူဇော်မည့် စိန်ရတနာများ ကို ပါဠိဆရာတော်ကြီးထံ ကိုယ်တိုင်လက်ရောက် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပါသည်။ ပါဠိဆရာတော်ကြီးနှင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် ဥဏ္ဏလုံမွေးရှင်တော်စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့ တက်ရောက်နေရာယူကြပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်နေရာ၌ ၃ ကီလိုဂရမ်ရှိ သန့်စင်သည့်သလင်းကျောက်ကြီး တစ်ပွင့်၊ စိန်ပွင့်ကြီး ၂ ပွင့်နှင့် စိန်ပွင့်ငယ် ၄၄ ပွင့်တို့ကို ဥဏ္ဏလုံမွေးရှင်တော်ဓာတ်စီသွင်းပူဇော်ပါသည်။ ထို့နောက်ပါဠိဆရာတော်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဥဏ္ဏလုံမွေးရှင်တော်အား အမွှေးနံ့ သာရည်များဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြပါသည်။
သဗ္ဗေညုဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင်ပါဝင်သည့် ဥဏ္ဏလုံမွေးရှင်တော်ဟူသည် မြတ်စွာဘုရားရှင်၏ မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်အရပ်တွင် ဆွဲ၍ဆန့်လိုက်မှု လံဝက်မျှ(သုံးပေခန့်) ရှည်လျားပြီး လွှတ်လိုက်လျှင် လက်ယာရစ်ခွေ၍ စိန်ရောင်၊ ငွေရောင်အသွင် ဖြူစင်ဝင်းပသည့် မွေးရှင်တော်ဓာတ်ဖြစ်သည်။ ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များဖြည်ကျင့်တော်မူစဉ် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာစောင့်ထိန်းပြီး သစ္စာတရား၌တည်ခဲ့သော ကုသိုလ်တော်အစွမ်းကြောင့် ရရှိတော်မူခြင်းဖြစ်သည်။
အဆိုပါမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံမွေးရှင်တော်မြတ်တွင် ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့်အသေး ၄၄ ပွင့်၊ သလင်းကျောက် ၅၃ ပွင့်၊ ရွှေ (၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေး၊ ငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်းနှင့် ယခုအခါသာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ဒသမ ၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၃)
- ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဥဏ္ဏလုံမွေးရှင်တော်နေရာ၌ ၃ ကီလိုဂရမ်ရှိ သန့်စင်သည့်သလင်းကျောက်ကြီး တစ်ပွင့်၊ စိန်ပွင့်ကြီး ၂ ပွင့်နှင့် စိန်ပွင့်ငယ် ၄၄ ပွင့်တို့ကို ဥဏ္ဏလုံမွေးရှင်တော်ဓာတ်စီသွင်းပူဇော်ခဲ့။
- သဗ္ဗေညုဘုရားရှင်တို့၏ လက္ခဏာတော်ကြီး ၃၂ ပါးတွင်ပါဝင်သည့် ဥဏ္ဏလုံမွေးရှင်တော်ဟူသည် မြတ်စွာဘုရားရှင်၏ မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်အရပ်တွင် ဆွဲ၍ဆန့်လိုက်မှု လံဝက်မျှ(သုံးပေခန့်) ရှည်လျားပြီး လွှတ် လိုက်လျှင် လက်ယာရစ်ခွေ၍ စိန်ရောင်၊ ငွေရောင်အသွင် ဖြူစင်ဝင်းပသည့် မွေးရှင်တော်ဓာတ်ဖြစ်။
- ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီတော်များဖြည်ကျင့်တော်မူစဉ် မုသာဝါဒသိက္ခာပုဒ်ကို လုံခြုံစွာစောင့်ထိန်းပြီး သစ္စာတရား၌တည်ခဲ့သော ကုသိုလ်တော်အစွမ်းကြောင့် ရရှိတော်မူခြင်းဖြစ်။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် စီသွင်းပူဇော်သည့် ဥဏ္ဏလုံမွေးရှင်တော်မြတ်တွင် ၁၈ ဒသမ ၀၈ ရတီရှိ စိန်ပွင့်ကြီး ၂ ပွင့်၊ ၄ ဒသမ ၃၄ ရတီရှိ စိန်ပွင့် အသေး ၄၄ ပွင့်၊ သလင်းကျောက် ၅၃ ပွင့်၊ ရွှေ (၁၂ ပဲအရည်) ၃ ကျပ်သား၊ ၁ ပဲ ၄ ရွေး၊ ငွေ ၄၂၇ ကျပ်သား ၈ ပဲရှိကြောင်း သိရှိရ။
Add new comment