မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ ၂၉ ရက်တွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။
- ဗန်းမော်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများနှင့် ဆွမ်းကိစ္စများ အဆင် ပြေစေရေးအတွက် ဆောင်ရွက်ပေးထားသည်များကို ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့။
- နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများကို ဆရာတော်၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ ကိုယ်ခံစွမ်းအားရှိစေ ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက်ကို ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်ကြီးတို့အား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော် ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၄-၂၀၂၃)
- နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီးတို့၏ ကျန်းမာရေးအခြေအနေများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
Add new comment