စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေတို့သည် ဧပြီလ ၂၆ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ဝေ့ဖန်မြို့ရှိ Fuwah International Exhibition Center ၌ ကျင်းပသည့် အာဆီယံ-တရုတ် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုစိုက်ပျိုးရေးဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်မကျင်းပမီ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာကုန်စည်ပြပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ လေ့လာခဲ့ကြ ပါသည်။ ထို့နောက် အာဆီယံ-တရုတ် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုဆောင်ရွက်နေမှုကို တင်ပြဆွေးနွေးကြရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ၊ အတွေ့အကြုံများ၊ နည်းလမ်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၅ ရက်တွင် ရှန်တုန်းပြည်နယ်၊ ရှောက်ဝန်မြို့တွင် ပြုလုပ်သည့် (၂၄) ကြိမ်မြောက် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပြပွဲတွင် ဟင်းသီးဟင်းရွက်အမျိုးပေါင်း ၇,၀၀၀ ကျော် စိုက်ပျိုးပြသထားမှုနှင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်များကို အွန်လိုင်းမှ တိုက်ရိုက်ရောင်းချပေးနေမှုကိုလည်းကောင်း၊ ရှန်တုန်းပြည်နယ်၊ ဝေ့ဖန်မြို့ရှိ Yanjiabu Folk Cultural Village ကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြရာ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၉-၄-၂၀၂၃)
- အာဆီယံ-တရုတ် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စိုက်ပျိုးရေးဆိုင်ရာဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် စိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့။
- ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၂၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့။
Add new comment