ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာဆိုင်ရာကွန်ဖရင့်နှင့် မြန်မာ-စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပ

      မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၅)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့်တိုက်ဆိုင်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာအစီအစဉ်များအနက် တစ်ခုဖြစ်သော ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာဆိုင်ရာကွန်ဖရင့်ကို ဧပြီလ ၂၄ ရက်တွင် Moscow State Institute of International Relations (University) of the Ministry of Foreign Affairs of the Russian Federation (MGIMO) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်-

  • ပထဝီဝင်အနေအထားအရ ခြားနားနေသော်လည်း ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်သွယ်မှုတို့မှတစ်ဆင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း။
  • ထိုမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်းစသော အလားအလာရှိသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း။
  • ယခုကွန်ဖရင့်မှတစ်ဆင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိရောက်သော မဟာဗျူဟာများ ဆွေးနွေးဖော်ထုတ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများက နှစ်နိုင်ငံဆက်ဆံ ရေးဆိုင်ရာကိစ္စရပ်များ၊ သံတမန်ရေးရာကိစ္စရပ်များ၊ ပညာရေးနှင့်နည်းပညာ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၂၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ-စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်ခဲ့ပြီး-

  • မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကပါဝင်သော ဦးဆောင်ကော်မတီနှင့် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်း၍ “Welcome Russia” အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ကနဦးအစီအစဉ်အဖြစ် ဝန်ကြီးဌာနနှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဧပြီလ ၁၁ ရက်မှ ၁၉ ရက်အထိ ရုရှားနိုင်ငံမှ တေးသံရှင်များ၊ ဗီဒီယိုရိုက်ကူးထုတ်လုပ်သူများ၊ ဘလော့ဂါများ ပါဝင်သောအဖွဲ့၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
  • ဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်လျက်ရှိရာ ရုရှားနိုင်ငံမှ ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများနှင့် ကျော်ကြားသူများအား ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်များ ဖိတ်ခေါ်ဆောင်ရွက် လိုကြောင်း။
  • ယနေ့ကျင်းပသည့် ခရီးသွားလုပ်ငန်းဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရနှင့် ပုဂ္ဂလိကများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ စိန့်ပီတာစဘတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုတိယအကြီးအကဲ မစ္စနာနာအမ်ဂါဗီချီရာ၊ စိန့်ပီတာစဘတ်ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရုရှားခရီးသွားကုမ္ပဏီများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူတို့က အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၇-၄-၂၀၂၃)

  • နှစ်နိုင်ငံမှ တာဝန်ရှိသူများက နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ သံတမန်ရေးရာကိစ္စရပ်များ၊ ပညာရေးနှင့်နည်းပညာ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကပါဝင်သော ဦးဆောင်ကော်မတီနှင့် လုပ်ငန်းအဖွဲ့အား ဖွဲ့စည်း၍ “Welcome Russia” အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိ။
  • ခရီးသွားလုပ်ငန်းဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အစိုးရနှင့် ပုဂ္ဂလိကများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်။

 

 

 

Add new comment