သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စန်ရှီးပြည်နယ်၊ ရှီအန်းမြို့၌ ဧပြီလ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် အာရှယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဧပြီလ ၂၆ ရက်တွင် တရုတ်နိုင်ငံမှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ်အဖွဲ့၏အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာနိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့လည်း အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး တက်ရောက်လာသောအဖွဲ့ ဝင်နိုင်ငံများက အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့စည်းမျဉ်းစည်းကမ်းမူကြမ်းများကို အတည်ပြုခြင်း၊ ၂၀၂၃- ၂၀၂၄ လုပ်ငန်းစဉ်ကို ဆွေးနွေးခြင်း၊ မဟာမိတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်ရွေးချယ်ခြင်းနှင့် ရှီအန်းကြေညာချက်အတည် ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းဖြင့် အာရှတစ်ဝန်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် အမွေအနှစ်နေရာ ဒေသများ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊ ပြတိုက်အချင်းချင်း ဖလှယ်ခြင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ အမည်စာရင်းတင်သွင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များတရားမဝင် တင်သွင်းခြင်းနှင့် တင်ပို့ခြင်း တို့ကို တားဆီးခြင်း၊ ဒေသတွင်း ပျောက်ဆုံးသွားသော ယဉ်ကျေးမှုပစ္စည်းများ ပြန်လည်ရရှိမည့် အစီအစဉ်များ၌ နိုင်ငံတကာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၄-၂၀၂၃)
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတတ်ရောက်ခဲ့သည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တည်ထောင်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment