၂ဝ၂၃ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းများ စတင်ဖွင့်လှစ်

     ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီလ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ကြသည်။             

ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင် ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများ မွေးထုတ်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၃)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ရေကြောင်းလူငယ်စခန်းများ၌ ဧပြီလ ၂၄ ရက် နံနက်ပိုင်း တွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ရာ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၇၁၂ ဦးတို့ဖြင့် အသီးသီးဖွင့်လှစ်ကြပြီး အဆိုပါသင်တန်းဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။

အလားတူလေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင် စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်း များတွင် အထောက်အကူဖြစ်လာစေရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(လေ)က ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် ဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်) အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်း အဆင့်) အမှတ်စဉ်(၁/၂၀၂၃)ကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်း ၁၇ ခု၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ အင်အား ၆၈၀ ဦးဖြင့် အသီးသီးဖွင့်လှစ်ကြပြီး ဖွင့်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။

      

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၄-၂၀၂၃)

  • ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီလ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့။

Add new comment