လေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေးအပ်

        လေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံး၍ လူထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍-

  • ဧပြီလ ၂၁ ရက်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာတို့ရှိ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း ၁၀၉ ဦးအားလည်းကောင်း။
  • ဧပြီလ ၂၂ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၉၄)ရွာတို့မှ လူနေအိမ်များနှင့် နတ်မောက်မြို့နယ် အတွင်းရှိ မြို့ပေါ်မှ ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာ ၂၀ ခုတို့မှ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးအဆောက်အဦ ၂ လုံး၊ လျှပ်စစ်မီးတိုင် ၉ တိုင်၊ ဝန်ထမ်းအိမ်ရာ ၂ ခန်း၊ သာသနိကအဆောက် အအုံများနှင့် စာသင်ကျောင်းများ ပျက်စီးပြိုကျခြင်းအားလည်းကောင်း။
  • အလားတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၊ ဆူးကားကျေးရွာ၊ ဥဒေါင်းကျေးရွာ၊ သပြေသာကျေးရွာ၊ ပေါက်ဝဲကျေးရွာ၊ သရက်တစ်ပင် ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်၊ ပေါက်တစ်ပင်ကျေးရွာများတို့ရှိ နေအိမ်များ အမိုးလန်၊ ပြိုကျပျက်စီးခြင်းအားလည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့။

လေပြင်းတိုက်ခတ်သည့်နေရာများသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်၍ အမိုးလန်ပြိုကျနေသည့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် အဆောက်အဦများအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ လျှပ်စစ်မီးတိုင်များအား ပြန်လည်ထူထောင်ပေးခြင်း၊ စေတီတော်များမြေခနေမှုအား သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းစသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၃ ရက်တွင် လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် တံတားဦးကျေးရွာသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ လေဘေးသင့်ခံခဲ့ရသည့် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ ထိခိုက်လွယ် အုပ်စုဝင်များဖြစ်သည့်  ကိုယ်ဝန်ဆောင်များ၊ အသက် ၇၀ နှစ်နှင့်အထက် ဘိုးဘွားများ၊ အသက် ၅ နှစ်နှင့်အောက် ကလေးသူငယ်များနှင့် မသန်စွမ်းသူများကို စာရင်းကောက်ယူ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၄-၂၀၂၃)

  • နေပြည်တော်ကောင်စီနယ်မြေ၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအချို့၌ လေဆင်နှာမောင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်အဆောက်အဦ များ ပြိုကျပျက်စီးခဲ့။
  • တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လေပြင်းတိုက်ခတ်သည့်နေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ။
  • လေဘေးသင့်ခံခဲ့ရသည့် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ ထိခိုက်လွယ်အုပ်စုဝင်များအား စာရင်းကောက်ယူ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်။

 

Add new comment