နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်တို့သည် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Mrs. Pornpimol Kanchanalak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကိုလည်းကောင်း ဧပြီ လ ၂၁ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။
-
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေး၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအပါအဝင် နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်လုပ်ငန်းများ အတူတကွတိုက်ဖျက်သွားရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများအတွက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
-
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးကဏ္ဍ၊ မြန်မာနိုင်ငံသို့ အာဆီယံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre) မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား စီမံခန့်ခွဲရေးကိစ္စရပ်များ အပြင် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးကိစ္စရပ်များအား နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
-
နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်နှင့်တွေ့ဆုံရာတွင် နေပြည်တော်နယ်မြေအတွင်း စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။
တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၄-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှု နှင့် တရားမဝင်လုပ်ငန်းများ အတူတကွတိုက်ဖျက်သွားရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးကဏ္ဍ၊ စွန့်ပစ်ပစ္စည်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment