မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ဧပြီလ ၁၃ ရက်တွင် အသီးသီး ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပါသည်။
ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျိုင်းတုံမြို့၊ မန္တလေးမြို့၊ စစ်တွေမြို့၊ လားရှိုးမြို့တို့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ မဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်များ၊ စုပေါင်းအတာရေသဘင်မဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ၌ အသီးသီး ပြုလုပ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ထို့နောက်အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအက အလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ပါသည်။
ထို့ပြင် သင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်)တွင်လည်း ပွင့်ဖြူမြို့၊ ဟိုပုံးမြို့၊ ငပုတောမြို့၊ ပင်းတယမြို့၊ ကျိုက်ထိုမြို့၊ သာယာဝတီမြို့၊ ကျောက်ပန်းတောင်းမြို့၊ သာယာဝတီမြို့၊ ကျောက်ပန်းတောင်းမြို့နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်များတွင် ရေကစားသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများ၊ ဘုရားစေတီပုထိုးများတွင်လည်း ဘုရားဖူးလာသူများ၊ ဥပုသ်သီလစောင့်ကြသူများဖြင့် စည်ကားခဲ့ပါသည်။
ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်ခြင်းမရှိစေရန် ခြိမ်းခြောက်မှုများ၊ ပြည်သူများ ပါဝင်ဆင်နွှဲခြင်းမပြုရန် လှုံ့ဆော်မှုများနှင့် အကြမ်းဖက်သမားများက ဗုံးခွဲ တိုက်ခိုက်မှု များရှိခဲ့သော်လည်း မြန်မာတစ်နိုင်ငံလုံးအနှံ့အပြားတွင် ပြည်သူများအနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်နှစ်ကူးပွဲတော်ကို ပျော်ရွှင်စည်ကားသိုက်မြိုက်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၄-၂၀၂၂)
|
Add new comment