ရွာသာကြီး-သဲဖြူကုန်းခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထားကျောက်ရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအဝန်းရှိ ပြည်သူများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးစသည့် ရည်မှန်းချက်တာဝန်များချမှတ်၍ ရထားလမ်းကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈) စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် (၈) စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀) စင်း၊ စုစုပေါင်းရထားခရီးစဉ် (၆၈) စင်းတို့ဖြင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး တို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၄ ရက်တွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ရွာသာကြီး-သဲဖြူကုန်း ခရီးစဉ်ပြေးဆွဲနေသော အမှတ် (၆၈၈-A) အဆန်ရထားသည် မြန်မာ့မီးရထားပိုင် လမ်းခင်းကျောက်များ တင်ဆောင်ရန် ထွက်ခွာလာစဉ် သထုံမြို့နယ်၊ သထုံဘူတာနှင့် ရင်းငြိမ်ဘူတာအကြား တံတားအမှတ် (၉၃) ကားလမ်းကူး မိုင်တိုင်အမှတ်၊ ၁၄၁/၁၅-၁၄ သို့အရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 ၏ Cab-1 စက်ခေါင်းမောင်း ရှေ့လေကာမှန်ကွဲအက်၍ ရထားလမ်းအနောက်ဘက်သံလမ်း ၁ ပေခွဲခန့်နှင့် အရန်အတွင်းသံလမ်းထိန်း ၄ ပေခန့် ပြတ်ထွက်ခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင်လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု (၆) ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၄) ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆) ကြိမ်၊ စုစုပေါင်း (၁၆) ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း (၁) ကြိမ်တို့ကို ကျူးလွန်ခဲ့ကြကြောင်း၊ ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၂) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၃၇) ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်စီးခြင်း (၁၁) ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း  သိရှိရပါသည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကအားထားနေရသည့် ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေရေးအတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ်ပိုမိုကြံ့ခိုင် တောင့်တင်းလာ အောင်စီစဉ်ဆောင်ရွက်နေသည့် ဌာနပိုင် လမ်းခင်းကျောက်သယ်ဆောင်သည့် ရထားခရီးစဉ်များကိုပါ ယုတ်မာရက်စက်စွာ အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူ တစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၄-၂၀၂၃)

  • ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ရွာသာကြီး-သဲဖြူကုန်း ခရီးစဉ်ပြေးဆွဲနေသော အမှတ် (၆၈၈-A)အဆန်ရထားသည် သထုံဘူတာနှင့် ရင်းငြိမ်ဘူတာအကြားသို့အရောက် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 Cab-1 စက်ခေါင်းမောင်း ရှေ့လေကာမှန်ကွဲအက်၍ ရထားလမ်းအနောက်ဘက်သံလမ်း ပေခွဲခန့်နှင့် အရန်အတွင်း သံလမ်းထိန်း ပေခန့် ပြတ်ထွက်ခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူများက မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံး၏ ရထားလမ်းနှင့် ရထားဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၁၂) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲ ဖျက်ဆီးခြင်း (၃၇) ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း (၁၁) ကြိမ်တို့ကို ကျူးလွန်ခဲ့။

 

Add new comment