လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

      ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသော အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်း ဆောင်သစ်ဖွင့်ပွဲနှင့် ယင်းကျောင်းဆောင်တော်အထွတ်၌ တည်ထားပူဇော်အပ်သည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဧပြီလ ၁၁ ရက်တွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြု လုပ်ခဲ့ပါသည်။

အခမ်းအနားသို့ သီရီမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မိသားစုဝင်များ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ဓမ္မာရုံအတွင်းရှိ နှီးဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီးနောက် သီရိမင်္ဂလာဓမ္မရတနာသုံးထပ်ကျောင်းဆောင်လှူဒါန်းပွဲ မင်္ဂလာ အခမ်းအနားကို အစီအစဉ်အရ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးထံသို့ ရတနာစိန်ဖူးတော်၊ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး စူဠာမုနိစေတီတော်မြတ်၏အထွတ်၌ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် ဋ္ဌာပနာသွင်းလှူပူဇော်မည့် ဓာတ်တော်၊ မွေတော်များကို ဓမ္မာရုံတော်အတွင်းမှ မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်ကာ မင်္ဂလာရထားပျံတော်ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာအချိန်တွင် မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ် သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းခဲ့ကြပါသည်။ ထို့နောက် စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သပြေပင်ကို အမှတ်တရ စိုက်ပျိုးပေးကြပါသည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော် များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လားရှိုးလေဆိပ်လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်နေမှု အခြေအနေများနှင့် လေယာဉ်ကွင်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ် ဆေးခဲ့ပြီး တာဝန်ရှိသူများအား လားရှိုးလေယာဉ်ကွင်းကို ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာ့ရိုးရာအတာသင်္ကြန်ရေများပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၄-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သီရိမင်္ဂလာဓမ္မရတနာသုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာအချိန်တွင် မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွတ်သို့ ပင့်ဆောင်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြပြီး ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာ့ရိုးရာအတာသင်္ကြန်ရေများပက်ဖျန်း၍ နှစ်သစ်ကို အတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့။

Add new comment