ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေ ဦးလွှမ်းမိုး အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် အာကာမင်း မောင်းနှင်သည့် Light Truck အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ ကွမ်းရွက်ခြင်းများ သွားရောက်ရောင်းချခဲ့ပြီး နေရပ်သို့ပြန်လာစဉ် ညနေ ၅ နာရီခွဲ ခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်း ကုံးကျေးရွာနှင့် သမရိုးကျေးရွာကြားရှိ ဒေသအခေါ် တစ်ဝက်မန်ကျည်းပင်တံတားသို့အရောက်၌ PDF အကြမ်းဖက်သမားများက ဒေသန္တရလုပ်ဆွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်၍ ယာဉ်အား ရပ်တန့်စေခဲ့ပါသည်။
ထို့နောက် PDF အကြမ်းဖက်သမားများက ယာဉ်ပေါ် ပါ ကျေးရွာသူ၊ ကျေးရွာသားများအား ယာဉ်ပေါ်မှဆင်းခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ကွမ်းရောင်းရငွေ ကျပ်သိန်း ၁၀၀ ခန့်အားယူဆောင်၍ ထွက်ခွာသွားခဲ့ပါသည်။ ယာဉ်ပေါ်လိုက်ပါလာသော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့သည် သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အာကာမင်းသည် ဝဲဘက်လက်မောင်းနှင့် လက်ဖျံတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ကြောင်းနှင့် အရာတော်မြို့၊ ကူးတို့ကိုင်းကျေးရွာမှတဆင့် ဆေးရုံသို့ရောက်ရှိ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများသည် ၎င်းတို့၏အကြမ်းဖက်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ထောက်ပံ့ပေးမည့်သူများ မရှိသောကြောင့် ကျေးရွာများသို့ ဝင်ရောက်ဆက်ကြေးကောက်ခံခြင်း၊ မိမိနှင့်အမြင်မတူသူများအား ဒလန်ဟုစွပ်စွဲ၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ခရီးသွားပြည်သူများထံမှ ဓားပြတိုက်လုယက် ယူဆောင်ခြင်းများ ပြုလုပ်လာကြောင်း တွေ့ရှိရပါသည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများနှင့် ပတ်သက်၍ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူများနှင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
- မန္တလေးမြို့တွင် ကွမ်းရွက်ရောင်းပြီး အရာတော်မြို့နယ်သို့ ပြန်လာသည့် ရိုးသားစွာ လုပ်ကိုင်စားသောက်သူများအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ငွေကျပ်သိန်း ၁၀၀ ခန့်အား ယူဆောင်ထွက်ပြေးခဲ့။
Add new comment