ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ဧပြီလ ၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ပြည်နယ်အဆင့်ကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌက-
- ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်အထိ အိမ်ထောင်စု ၆,၄၂၁ စု၊ လူဦးရေ ၂၇,၉၅၇ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး IDP နှင့် တိုက်ပွဲရှောင်စခန်း/ စုရပ် ၁၀၉ ခုကို ထပ်မံပိတ်သိမ်း နိုင်ခဲ့ကြောင်း။
- ပြည်တွင်းနေရပ်စွန့်ခွာသူများကို မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားနိုင်ပါက လက်နက်ကိုင်ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်သကဲ့သို့ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရန်အတွက်လည်း များစွာ အထောက်အကူပြုမည်ဖြစ်ပါ၍ လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့် ကော်မတီများအားလုံး အချိတ်အဆက်မိမိနှင့် ဟန်ချက်ညီညီ ထိရောက် ပီပြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်ကော်မတီများနှင့် အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက် လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာဆိုင်ရာကိစ္စရပ်များအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်အထိ အိမ်ထောင်စု ၆,၄၂၁ စု၊ လူဦးရေ ၂၇,၉၅၇ ဦးတို့ကို မူလနေရာများသို့ ပြန်လည်ပို့ဆောင်နေရာ ချထားပေးနိုင်ခဲ့ပြီး IDPနှင့် တိုက်ပွဲရှောင်စခန်း/ စုရပ် ၁၀၉ ခုကို ထပ်မံပိတ်သိမ်းနိုင်ခဲ့။
Add new comment