KIA တပ်ရင်း ၁ ရင်းနှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအကြမ်းဖက် လက်နက်ကိုင်အင်အားစုတချို့သည် ရွှေကူမြို့နယ်အတွင်း ဝင်ရောက်နေရာယူပြီး ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ ရွှေကူ-စီသာ-စီသောင်-အင်ဘာပါလမ်းကြောင်းအား အသုံးပြု၍ ဗန်းမော်၊ လိုင်ဇာမှတဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် အဖိုးတန်သစ်တောသယံဇာတများ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များထံ ပေးပို့မည့် လက်နက်၊ ခဲယမ်းရောင်းချခြင်းနှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ရန် စီမံဆောင်ရွက်နေကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများအား အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အစိုးရပညာရေးယန္တရားအား ရပ်တန့်စေပြီး NUG မှ တရားမဝင်ကျောင်းများ ဖွင့်လှစ်သင်ကြားရန်စီမံနေခြင်းစသည့်လုပ်ရပ်များအပေါ် ကျေနပ်မှုမရှိသော ဒေသခံများ၏သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျစုဖွဲ့၍ မတ်လ ၂၃ ရက်မှ ဧပြီလ ၈ ရက်အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအဆင့်လိုက် ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၂၁ ကြိမ်ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန် ကျေးရွာများတစ်ဝိုက် အခြေပြုစုဖွဲ့လျက် ရှိသော အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။
အကြမ်းဖက်အဖွဲ့များသည် ကျေးရွာများ၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပြုလုပ်ထားသည့် ကွန်ကရစ်ရေသွယ်မြောင်းများအား ဆက်သွယ်ရေးမြောင်းများအဖြစ် ပြောင်းလဲအသုံးချကာ ပစ်ကျင်းများတူး၍ အခိုင်အမာရွာပုံစံ ခံစစ်စခန်းအဖြစ်လည်းကောင်း၊ မန်ခါးကျေးရွာတံတားအောက်တွင် သဲအိတ်များအသုံးပြုပြီး ဘန်ကာတည်ဆောက်၍လည်းကောင်း၊ စီမူလေးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သဲအိတ်များကာရံကာ ခံစစ်ပြင်ဆင်ထား၍လည်းကောင်း တပ်မတော်စစ်ကြောင်းများ၏ ထိုးစစ်များအား အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ၏ ရွပ်ရွပ်ချွံချွံ ဟန်ချက်ညီညီ ပစ်ကူပစ်အားရယူကာ စနစ်တကျတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် ၎င်းတို့၏ လက်နက်/ခဲယမ်းထောက်ပံ့ရေးနှင့် တရားမဝင်သစ်မှောင်ခို အဓိကဖြတ်သန်းရာနေရာများဖြစ်သည့် အဆိုပါကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ဖရိုဖရဲဖြင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။ ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာများအလိုက် နီးစပ်ရာလူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများကိုပါ ပူးတွဲဆောင်ရွက်ခဲ့ရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ခဲယမ်း မျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ ဆက်စပ် ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။
မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အကြမ်းဖက်သမားများ၏ တရားမဝင်သစ်တောသယံဇာတများ ပို့ဆောင်ခြင်း၊ လက်နက်/ခဲယမ်းများအား လိုင်ဇာဒေသမှ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အကြမ်းဖက်သင်တန်းသားများ လိုက်ဇာဒေသသို့ ပို့ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် ဆက်သွယ်မှုလမ်းကြောင်းအား ဖြတ်တောက် ပိတ်ဆို့နိုင်ခဲ့သည့်အပြင် KIA တပ်မဟာ(၈)နယ်မြေ၊ ဒါးဝယ်သို့ တရားမဝင် ဆက်သွယ်သည့်လမ်းကြောင်းကိုလည်း ထိန်းချုပ်ဟန့်တားနိုင်ခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၃)
- ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ခိုအောင်းနေရာယူပြီး အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်နေသည့် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက လေကြောင်းနှင့် အမြောက်ပစ်ကူရယူ၍ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၂၁ ကြိမ်ဖြစ်ပွားခဲ့။
- ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ခဲယမ်းမျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့။
- တပ်မတော်စစ်ကြောင်းများ၏ ရွပ်ရွပ်ချွံချွံ ဟန်ချက်ညီညီ ပစ်ကူပစ်အားရယူကာ စနစ်တကျတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် KIA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ၏ လက်နက်/ခဲယမ်း ထောက်ပံ့ရေးနှင့် တရားမဝင်သစ်မှောင်ခို အဓိကဖြတ်သန်းရာနေရာများကို ထိန်းချုပ်နိုင်ခဲ့။
Add new comment