နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် အောင်မြေအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ ဧပြီလ ၉ ရက်က တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ကိုကိုးကျွန်းလေဆိပ်ဧည့်ခန်းမဆောင်တွင် ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများ နေ့လယ်စာစားသုံးနိုင်ရန်အတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ပြီးနောက် ကပ္ပလီပင်လယ်ပြင်(Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူတစ်ဦးက အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဇနီးဒေါ်ကြူကြူလှနှင့်အတူ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကာ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ကိုကိုးကျွန်းသည် မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင်တည်ရှိသည့် ကျွန်းဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများတည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြားကုန်သွယ်ရေယာဉ်အစီးရေ ၈,၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှု အတွက် သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားအတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်းကြား ဆက်စပ်မြေသားလမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ အကျဉ်းစခန်းဟောင်းနေရာနှင့် အဆောက်အဦများအား မူလပုံစံအတိုင်း ပြန်လည် ပြုပြင်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံပင်လယ်ပြင်အတွင်းရိုက်ကူးထားသည့် ရေအောက်သဘာဝရှုခင်းများနှင့် ရေနေသတ္တဝါများကို မှတ်တမ်းတင်သုတေသနပြုရိုက်ကူးထား သည့် Documentary ဗီဒီယိုဖိုင်ကို ကြည့်ရှုကြရာ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံမှ ပိုင်နက်ပင်လယ်ပြင်အတွင်းရှိ ရေအောက်သယံဇာတများ ပြုန်းတီးမှုမရှိစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ရေအောက်သယံဇာတများ ရေအောက်ရှုခင်းများကို ထုတ်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ရေနေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုကျော်လွန်၍ တရားမဝင်ဖမ်းဆီးမှုများ မပြုလုပ် စေရေးနှင့် ရေနေသတ္တဝါများကို ထိခိုက်စေနိုင်သည့်ဖမ်းဆီးမှုမျိုးများ မပြုလုပ်စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် အောင်မြေအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့။
- ကိုကိုးကျွန်းသည် မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့်ကျွန်းဖြစ်။
- ရေနေသတ္တဝါများ ပြုန်းတီးမှုမရှိစေရေး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကိုကျော်လွန်၍ တရားမဝင်ဖမ်းဆီးမှုများ မပြုလုပ်စေရေးနှင့် ရေနေသတ္တဝါများကို ထိခိုက်စေနိုင်သည့် ဖမ်းဆီးမှုမျိုးများ မပြုလုပ် စေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လို။
Add new comment