နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ ၉ ရက်တွင် ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်နယ်ခန်းမ၌ တွေ့ ဆုံအမှာစကားပြောကြားခဲ့ရာတွင်-
- ကိုကိုးကျွန်းဒေသသည် ယခင်ကထက် များစွာတိုးတက်ပြောင်းလဲလာသည်ကို တွေ့ရှိရပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံပြည်သူများနှင့် စုစည်းညီညွတ်စွာ ဒေသအကျိုး၊ ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် လိုကြောင်း။
- မြန်မာရိုးရာအတာသင်္ကြန်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းကြစေလိုပြီး စည်းကမ်းစနစ်တကျဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သကဲ့သို့ မိမိတို့အပန်းဖြေနေထိုင်ရမည့် အားလပ်ရက်များ ကိုလည်း ပျော်ရွှင်စွာဖြင့် ဖြတ်သန်းကြရန်လိုကြောင်း။
- မိမိတို့၏ သားသမီးများကို ကောင်းမွန်သည့် ပညာအမွေများပေးနိုင်ရမည်ဖြစ်ပြီး ငယ်စဉ်ကလေးဘဝမှစ၍ စနစ်တကျဖြင့် သွန်သင်ကြပ်မတ်နေရန်လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းပညာရေးကို သင်ယူပြီး ကျောင်းတက်ရက်မှန်စေရေးနှင့် အခြေခံ ပညာများကို အမှန်တကယ်တတ်မြောက်စေရေးအတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ၎င်းတို့အတွက် ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများကို ရရှိသွားရမည်ဖြစ်ကြောင်း။
- နှစ်သစ်အခါသမယတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် အောင်မြင်မှုများ ဆထက်ထမ်းပိုး ရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးတို့က အသီးသီးလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများကို မြန်မာရိုးရာအတာသင်္ကြန်ရေများပက်ဖျန်း၍ နှစ်သစ်ကိုအတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ စမ်းသပ်စိုက်ပျိုးထားသည့် ကိုကိုးစိုက်ခြံအမှတ်(၁) ၁ ဒသမ ၆၆ ဧကနှင့် စိုက်ခြံအမှတ်(၂) ၃ ဒသမ ၃၄ ဧကတို့အားလည်းကောင်း၊ ၇ မိုင်လိပ်သား ဖောက်စခန်းနှင့် နယ်မြေခံရေတပ်စခန်းဌာနချုပ်ရှိ လိပ်မွေးမြူရေးစခန်းများသို့လည်းကောင်း၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ ဒေသနွားမွေးမြူရေးခြံသို့လည်းကောင်း သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၄-၂၀၂၂)
|
Add new comment