ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆွေးနွေးပွဲဆုံးဖြတ်ချက်များအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ

 

    ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်များမှာ အခြေ အမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်းနှင့် တစ်ဖက်သတ်ထင်မြင်ချက်များအပေါ် အခြေခံကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင် ရွက်ခြင်းသာဖြစ်သည့်အတွက် ယင်းဆုံးဖြတ်ချက်များအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ဧပြီလ ၆ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ပါသည်-

လူ့အခွင့်အရေးအရေခြုံ၍အချုပ်အခြာအာဏာပိုင်နိုင်ငံအား ဝင်ရောက်စွက်ဖက်နေသည့် ဆောင်ရွက်ချက်များအားလုံးကို မြန်မာနိုင်ငံက ပြတ်သားစွာဆန့်ကျင်ပယ်ချ

(၆-၄-၂၀၂၃ ရက်၊ နေပြည်တော်)

       ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ၆-၃-၂ဝ၂၃ ရက်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးပွဲကို  ၂ဝ-၃-၂ဝ၂၃ ရက်တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို လူ့အခွင့်အရေးကောင်စီက ၄-၄-၂ဝ၂၃ ရက်တွင် အတည်ပြုချမှတ်ခဲ့သည်။ အလားတူ ၁၆-၃-၂ဝ၂၃ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရှင်းလင်းဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အထက်ပါဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ် တက်ရောက်ခွင့််မရှိစေရန် တားမြစ်ခဲ့ခြင်းမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ညှိနှိုင်းဆွေးနွေးရေးမူများကို ဆန့်ကျင်သည့်အတွက် မြန်မာနိုင်ငံက သက်ဆိုင် ရာ ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ကန့်ကွက်ခဲ့ပြီးဖြစ်သည်။

        လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီး ဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအဖွဲ့များ၏ ပကတိကျူးလွန်မှုအတိုင်းအတာကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့သည်။ ၃၁-၃-၂ဝ၂၃ ရက်အထိ ကလေး ၁၆၂ ဦး၊ ဆရာ၊ ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၁၅,၄၇၅ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများကို သိသာစွာ လျှော့ပေါ့ဖော်ပြထားသဖြင့် စိတ်ပျက်ရသည်။

      မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် လူ့အခွင့်အရေးကိစ္စများထက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေးအပေါ် အာရုံစိုက်လျက်ရှိပြီး ယင်းနှင့်စပ်လျဉ်းသည့်အစီရင်ခံစာနှင့် အချုပ်အခြာ အာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်သည့် စာတမ်းများ ထုတ်ပြန်နေခြင်းမှာ ၎င်း၏လုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းနှင့် လှုံ့ဆော်ခြင်းတို့ အတွက် တာဝန်ရှိသူများကို နိုင်ငံအချို့က ခိုလှုံခွင့်ပြုထားခြင်းမှာ လက်ခံနိုင်ဖွယ်မရှိပါ။ အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်ရေးနှင့် အထီးကျန်စေရေးတောင်းဆိုနေမှုများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူများ၏ အကျိုးစီးပွား ထိခိုက်နစ်နာစေရန်ဖြစ်သည်။

        ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် လည်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရှင်းလင်းတင်ပြသည့် အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ရှင်းလင်းတင်ပြရာတွင် အထူး ကိုယ်စားလှယ်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အစိုးရဆန့်ကျင်သူများထံမှရရှိသည့် မမှန်ကန်သော အချက်အလက်များကို အခြေခံကာ တစ်ဖက်သတ်ဆန်စွာ ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နိုင်ငံရေးနှင့်စစ်ရေး အကျိုး အမြတ်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုရန် အဆိုပြုချက်များအပေါ် အထူးကိုယ်စားလှယ်အနေဖြင့် ဂရုပြုသင့်သည်။ မြန်မာနိုင်ငံအစိုးရသည် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် လိုအပ်သော အကူအညီများ ပေးအပ်လျက်ရှိသည်။ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားသည်။ ထို့အပြင် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကွင်းဆင်းခရီးစဉ် ၂၄ ခုနှင့် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ကနေဒါ၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံများမှ သံတမန်များ၏ ကွင်းဆင်းခရီးစဉ် ၄၉ ခု တို့ကို မြန်မာနိုင်ငံက ခွင့်ပြုပေးခဲ့သည်။ သို့ဖြစ်ရာ ဝင်/ထွက်ခွင့်ကန့်သတ်ကြောင်း စွပ်စွဲမှုများမှာ မှန်ကန်ခြင်းမရှိပါ။ လူသားချင်းစာနာထောက် ထားမှု အကူအညီများအပါအဝင် အကူအညီများပေးအပ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သဘောတူခွင့်ပြုချက်ရရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မပါဝင်သော အစီအမံများသည် ဆန့်ကျင်ဘက် သက်ရောက်မှုများသာ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအတွက် တာဝန်ရှိသူများနှင့် ဆက်သွယ်ခြင်းမှာ အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း အထူးကိုယ် စားလှယ်ကို အသိပေးဖော်ပြအပ်သည်။

   ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာနိုင်ငံကို ဆန့်ကျင်သည့်ဆုံးဖြတ်ချက်အဆို စာရွက်စာတမ်းအမှတ် A/HRC/52/L.19 ဖြင့် ထပ်မံတင်သွင်းခဲ့သည်။ ယင်းရှည်လျားသော ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံအပေါ်ထားရှိသော ယန္တရားအမြောက်အမြားနှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်သည့် အတိုင်းအတာကို ပြသလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီဒီမိုကရေစီဖော်ဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်အတွင်း ကျရောက်သော ကိစ္စရပ်များတွင် အမိန့်ပေး စွက်ဖက်ခြင်းများပါဝင်သည့် ယင်းဆုံးဖြတ်ချက်အဆိုကို လက်ခံနိုင်ခြင်းမရှိကြောင်းဖော်ပြအပ်သည်။ ထို့ပြင် ဆုံးဖြတ်ချက်အဆိုသည် ၂ဝ၁၇ ခုနှစ်တွင် ARSA (ခေါ်) Aqa Mul Mujahideen အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထားသည်။ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား တိုးတက်မှုများရှိပြီး စိစစ်ပြီးသူများအား လူတွေ့မေးမြန်းရန် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၂ဝ၂၃ ခုနှစ်၊ မတ်လတွင် တက္ကနာ့ဖ်မြိုသို့ သွားရောက်ခဲ့သည်။ ၂ဝ၂၃ ခုနှစ် ပထမသုံးလအတွင်း  ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်သူ ၁၆ ဦး အပါအဝင် နေရပ်ပြန်လိုသူများ သတ်ဖြတ်ခံနေရမှုများကို အဆိုမူကြမ်းက မျက်ကွယ် ပြုထားသည်။  ARSA ၏ သတ်ဖြတ်ခြိမ်းခြောက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် နေရပ် စွန့်ခွာမှုများဖြစ်ခဲ့ပြီး လက်ရှိပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည်မှာ ငြင်းကွယ်၍မရသော်လည်း ယင်းအချက်ကို အဆိုမူကြမ်းတွင်ချန်လှပ်ထားသည်။ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို မြန်မာပြည်သူများနှင့် အစိုးရအဆက်ဆက်က လက်ခံခြင်းမရှိဘဲ ယင်းအသုံးအနှုန်းသည် အင်္ဂလိပ်ကိုလိုနီခေတ် တရားဝင်မှတ်တမ်းများတွင်ပင် ပါဝင်ခြင်းမရှိကြောင်းနှင့် ဥပဒေကြောင်းအရလည်း တရားဝင်ခြင်းမရှိ ကြောင်း ဖော်ပြအပ်သည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များ နှင့် ကိုက်ညီသူများကို ခွဲခြားမှုမရှိဘဲ နိုင်ငံသားအဆင့်အတန်းပေးအပ်လျက်ရှိသည်။

     သို့ဖြစ်ရာ အထက်ပါ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သည့် ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက်များမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် တစ်ဖက်သတ်ထင်မြင်ချက်များအပေါ် အခြေခံကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်မလိုက်ခြင်း၊ သမာသမတ်ကျခြင်း၊ ရွေးချယ်ပစ်မှတ်မထားခြင်းတို့နှင့် ဆန့်ကျင်နေသည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချပြီး ယင်းအဆိုမူကြမ်းကိုချမှတ်ခဲ့ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုကြောင်း ဖော်ပြအပ်သည်။ အထက်ပါဆွေးနွေးပွဲများတွင် မျှတစွာရပ်တည်ခဲ့ပြီး ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အတည်ပြုစဉ် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသောနိုင်ငံများကို မြန်မာအစိုးရက အသိအမှတ်ပြု ကျေးဇူးတင်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၄-၂၀၂၂)

 

  • လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအဖွဲ့များ၏ ပကတိကျူးလွန်မှုအတိုင်း အတာကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့။
  • မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် လူ့အခွင့်အရေးကိစ္စများထက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေး အပေါ် အာရုံစိုက်လျက်ရှိပြီး ယင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်သည့် စာတမ်းများ ထုတ်ပြန်နေခြင်းမှာ ၎င်း၏လုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်နေခြင်းဖြစ်။
  • ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အစိုးရဆန့်ကျင်သူများထံမှရရှိသည့် မမှန်ကန်သော အချက်အလက်များကို အခြေခံကာ တစ်ဖက် သတ်ဆန်စွာ ပြောကြားခဲ့။
  • လူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် အစည်းအဝေးသို့တင်သွင်းခဲ့သည့် ဥရောပသမဂ္ဂ၏ မြန်မာ နိုင်ငံကို ဆန့်ကျင်သည့်ဆုံးဖြတ်ချက်အဆို စာရွက်စာတမ်း အမှတ် A/HRC/52/L.19 သည် ၂ဝ၁၇ ခုနှစ်တွင် ARSA (ခေါ်) Aqa Mul Mujahideen အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထားခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment