မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ဧပြီလ ၅ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဒဂုံမြို့နယ်ရှိ ထိုင်းသံအမတ်ကြီးနေအိမ်၌ ကျင်းပခဲ့ရာ ကျိုက်ဝိုင်းဘုရားလမ်းရှိ ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်ကြီးအမှူးပြုသည့် ပင့်သံဃာတော်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနှင့် ကမ္ဘောဒီယားနိုင်ငံသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံသံရုံးများမှ သံတမန်များ၊ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဧည့်ပရိသတ်များသည် ခေမာရာမဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်နှင့် သံဃာတော်များက ချီးမြှင့်သည့် ပရိတ်တရားတော်များကိုနာယူခဲ့ပြီး ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဗုဒ္ဓရုပ်ပွားတော် မြတ်အား ရေသပ္ပာယ်ကာ ဒင်္ဂါးများကပ်လှူပူဇော်ကြပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသော ထိုင်းရိုးရာအစားအစာဆိုင်ခန်းများ၊ သဲပုံစေတီ နှင့် ပိုက်ကျော်ခြင်း သရုပ်ပြကစားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယင်းနောက် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ထိုင်းသံအမတ်ကြီး၊ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယားသံအမတ် ကြီးနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံတွင် ရောက်ရှိနေကြသည့် ထိုင်းနိုင်ငံသားများက ထိုင်းရိုးရာ သင်္ကြန်ရေအေးဖြင့် အပြန်အလှန် ပက်ဖျန်းပေးခဲ့ကြပါသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်ဖြစ်သည့် ထိုင်းရိုးရာသင်္ကြန်ပွဲတော် (Songkran) အခမ်းအနားသည် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသသကဲ့သို့ နှစ်နိုင်ငံအကြား လူမှု၊ စီးပွား ရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားနိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၂)
|
Add new comment