အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပသော အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ (၁/၂၀၂၃) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင်-
- နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် “ရေနှင့် မြေ” သည် အဓိကအရင်းအမြစ်ဖြစ်ပြီး၊ ရေနှင့်မြေကို အကျိုးရှိ ထိရောက်စွာ အလေးအနက်ထား လုပ်ဆောင်ခြင်းသည် နိုင်ငံသာယာဝပြောရေး၏ အဓိက အရင်းအနှီးဖြစ်ကြောင်း။
- ရေသည် အလွန်အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး နောင်လာနောက်သား အဆက်ဆက် လူသားများအပါ အဝင် သက်ရှိသတ္တဝါများရှိနေသမျှ ကာလပတ်လုံး ရေရှည်သုံးစွဲသွားကြရမည်ဖြစ်သည့်အတွက် ရေအရင်း အမြစ်များကို စနစ်တကျ ထိန်းသိမ်းအသုံးပြုသွားကြရန်လိုပြီး လူတိုင်းရေရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ကမ္ဘာ့နေရာအနှံ့အပြားတွင် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များနှင့် နွေရာသီတွင် ရေရှားပါးသည့်ပြဿနာများကို ပိုမိုတွေ့ကြုံလာရသည်ကို အား လုံးအသိပင်ဖြစ်ကြောင်း။
- ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ လေ့လာမှုများအရ နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပေါ်သည့် ရောဂါများနှင့်မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦး ရေ ၇၄ သန်းသည် တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာသည်ကိုတွေ့ရကြောင်း။
- မိမိတို့နိုင်ငံတွင် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများသည့်အတွက် နှစ်စဉ် မြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်သည့်ပမာဏသည် အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဒုတိယအများဆုံးဖြစ် ကြောင်း။
- အာရှတိုက်အတွင်းရှိ နိုင်ငံများအနေဖြင့် နှိုင်းယှဉ်လိုက်ပါက ၂၀၁၁ ခုနှစ် မှတ်တမ်းများအရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်ပြီလျှင် ပဉ္စမအဆင့်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
- မိမိတို့ မြန်မာနိုင်ငံရှိ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချိုဧက ပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည်ကို တွေ့ရှိရကြောင်း။
- ထို့ကြောင့် ရေချိုအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေစေရန်၊ ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရန်နှင့် ရေထုညစ်ညမ်းမှုမရှိစေရေးတို့ကိုလည်း ထိရောက်စွာ ဆောင်ရွက်သွားရန် အရေးကြီးကြောင်း။
- မိမိတို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်မူဝါဒများချမှတ်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စက်မှုလုပ်ငန်းများအတွက် သုံးစွဲရန်လိုအပ်သည့် ရေချိုရရှိရေး၊ မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ မြစ်ချောင်းများအတွင်းကို စီးဝင်မည့် စွန့်ပစ်ရေများကို စနစ်တကျသန့်စင်ပြုပြင်ပြီးမှသာ စွန့်ပစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျလုပ်ဆောင်စေရေး၊ နိုင်ငံတကာနှင့် ရေ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် ရှေ့သို့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ရေလုံလောက်စွာရရှိရေးကြိုးပမ်းဆောင်ရွက်ရာတွင် မိုးရွာသွန်းမှုမှရရှိသည့် ရေများကို စုဆောင်းခြင်းနှင့် မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရသဖြင့် ရေကိုစုဆောင်းသည့် အလေ့အကျင့်ကောင်းများရှိရန်လိုပြီး စုဆောင်းထားသည့်ရေများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် သောက်သုံးရေသုံးစွဲမှုများတွင် အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း။
- မိမိတို့နိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် စသည့် အဓိကမြစ်ကြီး ၄ စင်းရှိပြီး အဆိုပါမြစ်ကြီးများမှ စိုက်ပျိုးရေ၊ သုံးရေ၊ သောက်ရေအတွက် လိုအပ်သည့် ရေများရရှိရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း။
- ရေအရင်းအမြစ် ရှားပါးလျော့နည်းလာခြင်းသည် သဘာဝပတ်ဝန်းကျင် ဆုံးရှုံးပျက်စီးမှုများနှင့် ရာသီဥတုပြောင်းလဲမှုကို အခြေခံခြင်းဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေများ စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးထိခိုက်မှုမရှိအောင် ရေရှည်ကာကွယ်ထိန်းသိမ်းရေးတို့ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း။
- အဓိကမြစ်ကြီးလေးသွယ်၏ ဝဲယာများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်၍ သီးထပ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နွေ၊ မိုး၊ ဆောင်း ကာလသုံးပါးတွင် စီးဆင်းနေသည့် မြစ်ရေများကို သင့်လျော်သည့် ရေထိန်းတမံစနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့်ကြောင်း။
- ယခင်က သီးနှံများစိုက်ပျိုးရာတွင် မုတ်သုံအဝင် မိုးရေကိုစောင့်ဆိုင်းပြီးစိုက် ပျိုးရေအဖြစ် စတင်အသုံးပြုစိုက် ပျိုးခဲ့ကြကြောင်း။
- သီးနှံပုံစံ (Cropping Pattern)ကို ရှေ့သို့တိုးပြီး ယခင်ကထက် အချိန်စော၍ စိုက်ပျိုးနိုင်ရန်အတွက် မြေ အောက်ရေကို စိုက်ပျိုးရေအဖြစ်ရယူပြီး စိုက်ပျိုးကာ မိုးရေကို သီးနှံအောင်မြင်ရေးအတွက် အောင်ရေအဖြစ် ဆက်လက်အသုံးပြုသွားမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်သဖြင့် စီမံဆောင် ရွက်ရန်လိုကြောင်း။
- နိုင်ငံတော်က ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေနှင့်ဆက်နွယ်သည့် ကော်မတီ၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆက် လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များအားလုံး၊ သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံးနှင့် ညှိနှိုင်းပူးပေါင်းဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့။
အစည်းအဝေးသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြို့တော်ဝန်များ က Video Conferencig ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် “ရေနှင့် မြေ” သည် အဓိကအရင်းအမြစ်ဖြစ်ပြီး၊ ရေနှင့်မြေကို အကျိုးရှိ ထိရောက်စွာ အလေးအနက် ထားလုပ်ဆောင်ခြင်းသည် နိုင်ငံသာယာဝပြောရေး၏ အဓိကအရင်းအနှီးဖြစ်။
- မိမိတို့နိုင်ငံတွင် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများသည့်အတွက် နှစ်စဉ် မြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်သည့်ပမာဏသည် အာဆီယံနိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဒုတိယအများဆုံးဖြစ်။
- မြန်မာနိုင်ငံရှိ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များမှ နှစ်စဉ်ရေချိုဧက ပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံး ရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည်ကိုတွေ့ရှိရ။
- အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျလုပ်ဆောင်စေရေး၊ နိုင်ငံတကာနှင့် ရေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးတို့အတွက် ရှေ့သို့ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားကြရန်။
- ရေကိုစုဆောင်းသည့် အလေ့အကျင့်ကောင်းများရှိရန်လိုပြီး စုဆောင်းထားသည့်ရေများကိုလည်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် သောက်သုံးရေသုံးစွဲမှုများတွင် အကျိုးရှိစွာ အသုံးချနိုင်ရန်လို။
- အဓိကမြစ်ကြီးလေးသွယ်၏ ဝဲယာများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများကို အလေး ထား အကောင်အထည်ဖော်ဆောင်ရွက်၍ သီးထပ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နွေ၊ မိုး၊ ဆောင်းစီးဆင်းနေသည့် မြစ်ရေများကိုသင့်လျော်သည့် ရေထိန်းတမံစနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့်။
Add new comment