လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့အကြား မြန်မာ-လာအို လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်လက်မှတ်ရေးထိုးခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ဧပြီလ ၃ ရက်တွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာ-လာအို နှစ်နိုင်ငံတို့သည် အာဆီယံနှင့် ဂျီအမ်အက်စ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ ငါးနှစ်တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံဓာတ်အားကွန်ရက်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ရောင်းချနိုင်ရေးစီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများ လုပ် ဆောင်နိုင်ခဲ့ပါသည်။
မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်ငါးနှစ်သက်တမ်းတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေးစီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းနှင့် မဲခေါင်မြစ်ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိလည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။
နှစ်ဖက်နိုင်ငံများမှ တာဝန်ရှိသူအသီးသီးက မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် (MOU Amend-ment) နှင့် Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၄-၄-၂၀၂၃)
- မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်။
- နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံ မြို့အထိလည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်။
Add new comment