PDF အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သော ခရီးသည်တင်ယာဉ်အား  ပစ်ခတ်တိုက်ခိုက်

         CRPH၊ NUG တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများသည် ဧပြီလ ၁ ရက်တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ထွက်ခွာလာသော ခရီးသည် ၁၆ ဦး တင်ဆောင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ်အား တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကမ္မလိုင်းကျေးရွာအကြားရှိ မိုင်တိုင်အမှတ် (၈၄/၁) နှင့် (၈၄/၂) ကြား နေရာသို့အရောက် လမ်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။

 

     အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူများဖြစ်သည့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦးတို့ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။

      PDF အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများ အားဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် အေးချမ်းစွာခရီးသွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ စက်ဆုပ်ရွံရှာဖွယ် တိုက်ခိုက်ခဲ့မှုများကြောင့် ပြည်သူများက ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချလျက်ရှိပြီး ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

     အဆိုပါ ဒဏ်ရာရရှိသူများအား တနင်္သာရီမြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သည့်  အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၃-၄-၂၀၂၃)

 

  • "မြတ်မန္တလာထွန်း” ခရီးသည်တင်ယာဉ်ကို PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦးတို့ ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့။

 

 

Add new comment