ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့၊ ပရိယတ္တိ ဓမ္မိကာရာမစာသင်တိုက် ပဓာနနာယက မင်းပြားဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များက စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် အခမ်းအနားအစီ အစဉ်အတိုင်းဆက်လက်ကျင်းပခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို သံဃာတော်များထံ ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့်ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့် ဆောင်ကြပါသည်။
ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွက် အလှူငွေပေးအပ်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဇနီးနှင့် အဖွဲ့ဝင်များသည် စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး စကြာမုနိသိမ်တော်မြတ်ကြီးနှင့် စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
အဆိုပါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမှူးပြုသည့် စေတနာရှင်အလှူရှင်များက ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ တည်ထားကိုးကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနှင့် မတ် ၂ ရက်တွင် စေတီတော်ကြီး အနေကဇာတင် အခမ်းအနားတို့ကို ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း၊ စေတီတော်ကြီးမှာ ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ပေအားဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေရှိပြီး အရံစေတီတော် ၈ ဆူရှိကြောင်း၊ စေတီတော်ကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင်အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြပြီး ယခုအခါတွင်လည်း စေတီတော်မြတ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် ခုနစ်ရက်သားသမီး စေတနာရှင်အလှူရှင်များစုပေါင်း၍ စေတီတော်ကြီးအတွင်းလိုဏ်အပါအဝင် ဘက်စုံပြုပြင်မွမ်းမံခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၃)
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မင်းပြားဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ဝင် များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို သံဃာတော်များထံ ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့။
Add new comment