ချမ်းအေးသာစံမြို့နယ်၊ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

         မတ်လ ၂၇ ရက် ၁၇၁၅ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၁ x ၃၂  လမ်းကြားရှိ “စိန်ကျော်မိုး ရွှေသန့်စင် နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ ရွှေဆိုင်ဝန်ထမ်း ၂ ဦးမှ ငွေကျပ်သိန်း ၁,၅၀၀ အား စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် စိစစ်ဆဲ ကျား ၃ ဦးသည် မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် မိုးပေါ်ပစ်ဖောက်ကာ ငွေကျပ် သိန်း ၁,၂၀၀ အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဓားပြ တိုက်လုယက်သူများ စီးနင်းလိုက်ပါသွားသည့်ယာဉ်အား စုံစမ်းစစ်ဆေးရှာဖွေခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိ ခြံဝင်းအတွင်း ဆက်စပ်တရားခံ တင်စိုးနှင့် ကျော်တင်ဦး(ခ)ငပိန်တို့ ၂ ဦးအား ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပါသည်။

         ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်နှင့် စိစစ်ဖော်ထုတ်ချက်များအရ-

  • ချမ်းမြသာစည်မြို့နယ်၌ တရားခံ ဆန်းဝင်းအားလည်းကောင်း၊ အမရပူရ မြို့နယ်၊ ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံကျော်နိုင်၏ နေအိမ်မှ Sigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် သိန်း ၆၀၀ ၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂,၂၈၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြားတို့အား သိမ်း ဆည်းရမိခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၌ တရားခံ တင်စိုး(ခ)ရခိုင်အား ဓားပြ တိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့။

        ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်နှင့် ဓားပြတိုက်လုယက်မှု ၃ ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရှိရသည်-

  • ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် တရားခံ ဆန်းဝင်း ခေါင်းဆောင်၍ တင်စိုး(ခ) ရခိုင်၊ တင်စိုး၊ ကျော်တင်ဦး(ခ)ငပိန်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင်တို့သည် အမရပူရမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာနေ ဒေါ်ခင်လတ်၏နေအိမ်အား ဝင်ရောက်ဓားပြတိုက်လုယက်ခဲ့စဉ် ဒေါ်ခင်လတ်၏မောင်ဖြစ်သူ ဒုရဲမှူးဝင်းမင်းသန့် ရောက်ရှိလာပြီး ၎င်းတို့အား လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သဖြင့် တရားခံဆန်းဝင်းမှ ပစ္စတိုဖြင့် ၃ ချက်ပစ်၍ လုပ်ကြံသတ်ဖြတ်၍ နေအိမ်အတွင်းမှ  ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေ လက် ကောက် ၃ ကွင်း၊ ရွှေလက်စွပ် ၄ ကွင်း၊ ငွေကျပ် သိန်း ၃၀၀ နှင့် ဒုရဲမှူးဝင်းမင်းသန့် ကိုင်ဆောင်သည့် ခြောက်လုံးပြူး ၁ လက်တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း။
  • ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်ရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ကြောင်း။
  • မတ်လ ၁၂ ရက်တွင် တရားခံ ဆန်းဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံတမောင်းတို့သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်ရှိ “ဒေါ်တော မုန့်တီဆိုင်” သို့ သွားရောက်၍ ဆိုင်ပိုင်ရှင် ဒေါ်မာလွင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၁ ကွင်းနှင့် ရွှေလက်စွပ် ၁ ကွင်းတို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ပြီး ၎င်းပစ္စည်းများအား “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ်သိန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်း။
  • မတ်လ ၂၇  ရက် ညနေပိုင်းတွင် တရားခံဆန်းဝင်း၊ တင်စိုး (ခ)ရခိုင်၊ ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင်တို့သည် လက်နက်များကိုင်ဆောင်ကာ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်” သို့ မော်တော်ယာဉ်ဖြင့် သွား ရောက် ဓားပြတိုက်လုယက်ခဲ့ကြောင်း၊
  • ငွေစက္ကူအိတ်များနှင့် ဓားပြတိုက်လုယက်ရာတွင် အသုံးပြုသည့် သေနတ် ၃ လက်တို့အား မြစ်ငယ်မြို့၊ ဓနုံးကျေးရွာရှိ ဖမ်းဆီးရန်ကျန်တရားခံ ကျော်နိုင်၏ နေအိမ်နှင့် တရားခံ တင်စိုး(ခ)ရခိုင်၏ နေအိမ်တို့တွင် နေရာခွဲ၍ သိမ်းဆည်းထားခဲ့ကြောင်း၊
  • ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာနေ ဖမ်းဆီးရန်ကျန်တရားခံ မောင်ဆန်းမှ ရောင်းချရန်အတွက် ပို့ ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။

         အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေး ၂ ဦးကိုလည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၃)

 

  • ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၄ ဦးအား Sigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂,၂၈၀ ဂရမ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၈၀,၀၀၀ ပြားနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။

Add new comment