အိန္ဒိယနိုင်ငံမှ Relief Flight များဖြင့် ဝင်ရောက်လာသူများတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်

အိန္ဒိယနိုင်ငံမှ Relief Flight များဖြင့် ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ဓာတ်ခွဲနမူနာ ၃ ခုတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသဖြင့် ၉-၁-၂၀၂၂ ရက်၌ ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းထုတ်ပြန်ချက်

Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူ ၃ ဦးတွင် အိုမီခရွန်ရောဂါပိုး ထပ်မံတွေ့ရှိ

 (၁၁-၁-၂၀၂၂)ရက်နေ့

၁။          ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း”များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိခဲ့မှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။

၂။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၄) ခုအား ၉-၁-၂၀၂၂ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် (၁,၀၀၀)တို့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၃)ခုတွင် တွေ့ရှိရပါသည်။

၃။ အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၃) ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများဖြစ်ပါသည်။

၄။ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine)နှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအား အထူး အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

၅။ သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ် ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

  • အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား(၃)ဦးမှာ Relief Flight များဖြင့် အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသူများဖြစ်။
  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့်ဆောင်ရွက်လျက်ရှိ။

Add new comment