တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃ ) ကို မတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ဉီးဆောင်ကော်မတီဥက္ကဋ္ဌက-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအတားအဆီးသည် “တရားမဝင် ကုန်သွယ်မှုများ” ဖြစ်ကြောင်း။
- ပြည်ပမှ တရားမဝင်တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိတော့သည့်အပြင် ပြည်တွင်း MSME လုပ်ငန်းများ၏ တိုးတက်မှုကို များစွာ အဟန့်အတား ဖြစ်စေကြောင်း။
- အကောက်ခွန်မဲ့ တင်သွင်းလာသည့်ကုန်စည်များကို တားဆီး၊ စစ်ဆေး၊ အရေးယူနိုင်မှုမရှိလျှင် ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်မှုဦးမော့လာရန် ခက်ခဲနေဦးမည်ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်မှသာ ပြည်တွင်း MSME များဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ဖမ်းဆီးရမိ အမှုတွဲ (၄၇၇)မှု၊ ခန့်မှန်းတန်ဖိုး ကျပ်(၁၂) ဘီလီယံ ကျော်ဖြစ်ပြီး၊ ဇန်နဝါရီလနှင့်နှိုင်းယှဉ်လျှင် အမှုတွဲ (၆၁)မှု ခန့်မှန်းတန်ဖိုးငွေကျပ် (၄ဒသမ၆၃)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
- နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အဓိကထိုးနှက်နေသည့် တရားမဝင်ကုန်သွယ်မှုများ ထိထိရောက်ရောက်နှင့် အရှိန် အဟုန်မြှင့် ပူးပေါင်း တားဆီးဆောင်ရွက်သွားကြရန်လိုကြောင်း။
- ယခင်က တရားမဝင်ကုန်စည်များကို စစ်ဆေးရာတွင်ဝန်ထမ်းအင်အားကို အဓိက အခြေခံ၍စစ်ဆေးခဲ့ကြသော်လည်း ခေတ်စနစ်နှင့်အညီ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 နှင့် QR Code စနစ်များကို အသုံးပြုလာသည့်အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန် မြန်ဆန်လာသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ပိုမိုထိရောက်စွာတားဆီး အရေးယူနိုင်လာသည်ကိုတွေ့ရကြောင်း။
- နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို လိုက်ပါဆောင်ရွက်ခြင်းမပြုဘဲ တရားမဝင်နည်းလမ်းဖြင့်ကုန်သွယ်မှု ဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ကြရာတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကိုချဉ်းကပ်၍ စစ်ဆေးရေးစခန်းများကို ကျော်ဖြတ်ရန် ကြိုးပမ်းလာကြသည်ကို ဖြစ်စဉ်များအရတွေ့ရကြောင်း။
- နယ်စပ်ဖြတ်ကျော် တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိစေရေးနှင့် တရားမဝင်သွင်းကုန်များ မိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ နှစ်နိုင်ငံအစိုးရချင်းဆွေးနွေး ညှိနှိုင်း ပူးပေါင်းတိုက်ဖျက်ရန်လိုကြောင်း။
- တရားမဝင်ကုန်သွယ်မှုသည် မိမိတို့တစ်နိုင်ငံတည်းရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမဟုတ်ဘဲနိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရသည့် ကိစ္စရပ်ဖြစ်ပြီး ၎င်းကို တားဆီးအရေးယူ ဆောင်ရွက်ရာတွင် အခြားနိုင်ငံများ၏ နည်းလမ်းကောင်းများကိုလေ့လာပြီး မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမည့်နည်းလမ်းများကို ဖော်ထုတ်အသုံးချ ဆောင်ရွက်သွားကြရမည်ဖြစ်သလို တရားမဝင်ကုန်သွယ်မှုကို တားဆီးကြရသည့် ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းကြရမည်ဖြစ်ကြောင်း။
- ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုကြောင်း။
- ဖမ်းဆီးရမိပစ္စည်းများကို တာဝန်ယူဆောင်ရွက်ကြရသည့် ဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး”သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် တရားမဝင် ကုန်သွယ်မှုများကို ယခုထက် ပိုမို တားဆီး၊ စစ်ဆေး၊ အရေးယူဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေ ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားခဲ့။
ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် “သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ရေး” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအတားအဆီးသည် “တရားမဝင် ကုန်သွယ်မှုများ” ဖြစ်။
- အကောက်ခွန်မဲ့ တင်သွင်းလာသည့်ကုန်စည်များကို တားဆီး၊ စစ်ဆေး၊ အရေးယူနိုင်မှုမရှိလျှင် ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်မှုဦးမော့လာရန် ခက်ခဲနေဦးမည်ဖြစ်။
- ခေတ်စနစ်နှင့်အညီ အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်၊ ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 နှင့် QR Code စနစ်များကို အသုံးပြုလာသည့်အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမှန်ကန်မြန်ဆန်လာသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ပိုမို ထိ ရောက်စွာတားဆီး အရေးယူနိုင်လာသည်ကိုတွေ့ရ။
- နယ်စပ်ဖြတ်ကျော် တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိစေရေးနှင့် တရားမဝင် သွင်းကုန်များမိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ နှစ်နိုင်ငံအစိုးရချင်းဆွေးနွေး ညှိနှိုင်းပူးပေါင်းတိုက်ဖျက်ရန်လို။
- တရားမဝင်ကုန်သွယ်မှုကို တားဆီးအရေးယူဆောင်ရွက်ရာတွင် အခြားနိုင်ငံများ၏ နည်းလမ်းကောင်းများကိုလေ့လာပြီး မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမည့်နည်းလမ်းများကို ဖော်ထုတ်အသုံးချ ဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment