ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ချောင်းသာကမ်းခြေတို့တွင် ခရီးသွားများဖြင့်စည်ကားလျက်ရှိ

         မတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ရုံးသုံးရက်ပိတ်ခြင်းနှင့်အတူ နွေရာသီကျောင်းပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ချောင်းသာကမ်းခြေတို့သို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။

         မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးပြည်သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ သာသနိကအဆောက်အအုံများ၊ အပန်းဖြေဆင်စခန်းတို့တွင် ခရီးသွားပြည်သူများ တစ်ရက်လျှင် ရှစ်သောင်းခန့် ဝင်ရောက်လျက်ရှိပြီး စားသောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များ၊ မြင်းလှည်းနှင့် မီနီအိုးဝေအငှားလိုက်သူများ၊ ပြည်တွင်းခရီးသွား ဧည့်လမ်းညွှန်များနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ နေ့စဉ်ခရီးသွားဧည့်သည်များဖြင့် ပြည့်နှက်လျက်ရှိပါသည်။

         အလားတူပင် ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေသူများအနေဖြင့် တစ်နေ့တခြား များပြားလာပြီး ပိုမိုစည်ကားလာသဖြင့် ကမ်းခြေနှင့်ဆက်စပ်သည့် လုပ်ငန်းများလုပ်ကိုင်သည့် ဒေသခံများ စီးပွားရေးအဆင်ပြေတိုးတက်လာကြောင်း၊ ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး၊ ဈေးရောင်းချသည့်ဈေးသည်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေးနှင့် မော်တော်ယာဉ်များ အဆင်ပြေစွာ ရပ်နားနိုင်စေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၂၈-၃-၂၀၂၂)

 

  • မတ်လ ၂၅ ရက်မှ ၂၇ ရက်ထိ ရုံးသုံးရက်ပိတ်ခြင်းနှင့်အတူ နွေရာသီကျောင်း ပိတ်ရက်အတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် ချောင်းသာ ကမ်းခြေတို့သို့ မြန်မာပြည်အရပ်ရပ်မှ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိ။

 

 

Add new comment