၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

ရဲဘော်တို့

           ဒီနေ့ဟာ အမိမြန်မာနိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ တို့မြန်မာ့တပ်မတော်ရဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ဖြစ်တယ်။ ဒီ (၇၈) နှစ်တာကာလအတွင်းမှာ တပ်မတော်ဟာ ပြည်သူနဲ့အတူ လက်တွဲပြီး လွတ်လပ်ရေးအရယူပေးခဲ့တဲ့အပြင် ရရှိပြီးလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးစေဖို့အတွက် နိုင်ငံ့ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်ခဲ့တာကြောင့် ယခုနှစ်အတွင်းမှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်နဲ့ တပ်မတော် အတွက် သမိုင်းမော်ကွန်းသစ်ရေးထိုးနိုင်ခဲ့တယ်။

ရဲဘော်တို့

         တို့နိုင်ငံရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပြီး ရေမြေပိုင်နက်နယ်နိမိတ်နဲ့ ခိုင်မာတဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ပုဂံခေတ်မတိုင်မီကာလမှာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစတဲ့ ပျူမြို့ပြတွေကို ထူထောင်နိုင်ခဲ့ကြတယ်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှာ ကျယ်ပြန့်တဲ့ ပထမမြန်မာနိုင်ငံတော်ကြီး ခမ်းနားထည်ဝါစွာ ထူထောင်နိုင်ခဲ့တဲ့အပြင် ဘုရင့်နောင်မင်းလက်ထက်မှာ ဒုတိယမြန်မာနိုင်ငံတော်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှာ တတိယမြန်မာနိုင်ငံတော်တို့ကို ပိုင်နက်နယ်ပယ်ကျယ်ဝန်းပြီး သာယာဝပြောတဲ့နိုင်ငံများအဖြစ် တည်ထောင်ခဲ့တယ်ဆိုတာ သမိုင်းကြောင်းအထောက်အထားများအရ တွေ့ရတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းခဲ့တဲ့ တို့နိုင်ငံဟာ ကုန်းဘောင်ခေတ်မှာတော့ အနောက်နိုင်ငံများရဲ့ လုပ်ကြံခြေထိုးမှုတို့ကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရတယ်။ နယ်ချဲ့အင်္ဂလိပ်တို့ဟာ ၁၈၂၄ ခုနှစ်မှာ ပထမကျူးကျော်စစ်၊ ၁၈၅၂ ခုနှစ်မှာ ဒုတိယကျူးကျော်စစ်နဲ့ ၁၈၈၅ ခုနှစ်မှာ တတိယကျူးကျော်စစ်တို့ကို ဆင်နွှဲပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တာကြောင့် တို့မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ရတယ်။ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် နိုင်ငံတစ်ဝန်း နယ်ချဲ့တော်လှန်ရေးများကို ဆောင်ရွက်ခဲ့ပေမယ့် စနစ်တကျဖွဲ့စည်းမှု မရှိခြင်းနဲ့ လက်နက်အင်အား မမျှတခြင်းတို့ကြောင့် နောက်ဆုံးမှာ အင်္ဂလိပ်တို့ကို အရေးနိမ့်ခဲ့ရတယ်။ ဆုံးရှုံးသွားတဲ့လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေးအတွက် သခင်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်တို့ထံမှာ ခေတ်မီတပ်မတော် ဖွဲ့စည်းနိုင်ရေးအတွက် စစ်ပညာသင်ကြားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့ စည်းခဲ့တဲ့ BIA ဟာ ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများခွဲ ဝင်ရောက်လာခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်ခဲ့ကြတယ်။ အင်္ဂလိပ်တို့ ဆုတ်ခွာသွားခဲ့သော်လည်း ဂျပန်တို့ဟာ လွတ်လပ်ရေးပေးမယ့်ကတိကို ပျက်ကွက်ခဲ့တဲ့အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်လာခဲ့တာကြောင့် တို့တပ်မတော်အနေနဲ့ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့ကြတယ်။ အဲဒီနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့ဆိုလျှင် ၇၈ နှစ်ပင် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်။

ရဲဘော်တို့

         ယနေ့မြန်မာ့တပ်မတော်ရဲ့ အမြုတေတပ်မတော်အဖြစ် စတင်ခဲ့တဲ့ ဗမာ့ လွတ် လပ်ရေးတပ်မတော် (BIA) ဟာ ၁၉၄၂ ခုနှစ်မှာ ဗမာ့ကာကွယ် ရေး တပ်မတော် (BDA)၊ ၁၉၄၃ ခုနှစ်မှာ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လမှာ မျိုးချစ်ဗမာ့တပ်မတော် (PBF) နဲ့ စက်တင်ဘာလမှာ ဗမာ့တပ်မတော် (Burma Army) အဖြစ် အဆင့်ဆင့်အမည်ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မျိုးချစ်ဗမာ့ တပ်မတော်ဟာဆိုရင်လည်း ပြည်သူလူထုနဲ့ အတူလက်တွဲပြီး ဖက်ဆစ်ဂျပန်တို့ကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ ဘယ်လိုပင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းသော်လည်း ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်လည်းဖြစ်တယ်။

ရဲဘော်တို့

         တို့နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နယ်ချဲ့အင်္ဂလိပ်တွေနဲ့ဖက်ဆစ်ဂျပန်တို့ရဲ့ မြေစာပင်ဖြစ်ခဲ့ရသလို လွတ်လပ်ရေးရရှိချိန်မှာလည်း နိုင်ငံထူထောင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့ မျှော်မှန်းခဲ့ကြပေမယ့် ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှုများနဲ့ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရတယ်။ အဲ့ဒီလက်နက်ကိုင်သောင်းကျန်းမှုတွေဟာ ၁၉၄၉ ခုနှစ်ဝန်းကျင်မှာ အဆိုးရွားဆုံးအခြေအနေအထိရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရလို့ပင် လှောင်ပြောင်ခေါ်ဆိုခံရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့ရတယ်။

         တို့တပ်မတော်အနေနဲ့ ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းနေစဉ်မှာပဲ တရုတ်ဖြူ(ကူမင်တန်)နဲ့ မူဂျာဟစ် ကုလားဆိုးသောင်းကျန်းမှုစတဲ့ ပြည်ပကျူးကျော်မှုများကိုလည်း နှိမ်နင်းခဲ့ရတယ်။ ဒါ့အပြင် ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တို့မှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံတော်မှာ အန္တရာယ်ကြီးမားတဲ့ အရေးကိစ္စတွေ ကြုံတွေ့လာတဲ့အချိန်များမှာလည်း တပ်မတော်အနေနဲ့ မှန်ကန်တဲ့ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်။ ဒါ့အပြင် တပ်မတော်ဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာလည်း နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးရန်ပြုလာတဲ့ သောင်းကျန်းသူများအား အောင်မြင်စွာတိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်။ ဒါ့ကြောင့်တို့တပ်မတော်ဟာ ယနေ့အချိန်အထိ နိုင်ငံတော်အပေါ် ကျရောက်လာတဲ့ ရန်စွယ်ဟူသမျှကို ရှေ့ကနေမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးနိုင်ခဲ့တယ်ဆိုတာ ဂုဏ်ယူစွာနဲ့ ပြောကြားလိုတယ်။

ရဲဘော်တို့

         တို့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်မှာ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်နဲ့ ပြည်သူတို့ရဲ့ လိုအင်ဆန္ဒများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့တယ်။ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလမှာ တပ်မတော်ဟာ အိမ်စောင့်အစိုးရတာဝန်ကိုရယူပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သောင်းကျန်းသူနှိမ်နင်းရေးနဲ့ လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးရေး စတဲ့နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး နိုင်ငံတော်တာဝန်ကို ရယူခဲ့ချိန်မှာလည်း အဲဒီခေတ်ကာလ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ ၁၉၈၈ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီ တောင်းဆိုမှုနဲ့အတူ ဆူပူဆန္ဒပြမှုများ ပြင်းထန်လာမှုကြောင့် အစိုးရပြိုကွဲသွားပြီး တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို စောင့်ရှောက်ရယူခဲ့ရချိန်မှာလည်း တပ်မတော်ဟာ ပြည်သူတို့ရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ် ထူထောင် နိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့တယ်။ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အနိုင်ရရှိတဲ့ပါတီထံ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးနိုင်ရေး ကမကထပြုဆောင်ရွက်ပေးနိုင်ခဲ့တယ်။

ရဲဘော်တို့

         တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဟာ တစ်ဦးတစ်ယောက်၊ အဖွဲ့ အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားခြင်းမဟုတ်ဘဲ အမျိုးသားညီလာခံ တစ်ရပ်ကျင်းပပြီး ကိုယ်စားလှယ် ၁,၀၀၀ ကျော်ပါတဲ့ အစုအဖွဲ့ ၈ ဖွဲ့နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့ကြတာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ ပေါ်ထွန်းလာတာကြောင့် ပြည်သူတစ်ရပ်လုံးက လေးစားလိုက်နာရမှာဖြစ်သလို ပြည်သူကပေါက်ဖွားလာတဲ့ တို့တပ်မတော်သား တွေအနေနဲ့လည်း လိုက်နာစောင့်ထိန်းရမှာဖြစ်တယ်။ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရဲ့ ပုဒ်မ ၂၀ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်” လို့ အတိအလင်း ပြဋ္ဌာန်းထားတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့ဟာ ဒီမို ကရေစီ နည်းလမ်းတကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်တာ၊ တစ်နည်းအားဖြင့် ပြည်သူလူထုလိုလားတောင့်တတဲ့ ဒီမိုကရေစီကို ထိန်းသိမ်း စောင့်ရှောက်နေတာပဲဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာပြောကြားလိုတယ်။

ရဲဘော်တို့

         အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ပဋိပက္ခများဟာ “တောင်လဲရာ မြက်ပြတ်” ဆိုတဲ့ စကားပုံအတိုင်း နိုင်ငံငယ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ်လေ့လာပြီး ကိုယ့်နိုင်ငံရှင်သန်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများ အမြဲလုပ်ဆောင်နေရမှာဖြစ်တယ်။ တို့နိုင်ငံအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲ ဆင်နွှဲနိုင်ပြီး တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည် ဆောက်လျက်ရှိတယ်။ အနာဂတ်တပ်မတော်ကို Standard Army အဖြစ် တည် ဆောက်ရာမှာ တပ်များကို ခေတ်နဲ့ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိတယ်။ တပ်မတော်သားအဆင့်အတန်းအားလုံးအနေနဲ့လည်း လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ခေတ်မီ စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ဖို့နဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ဖို့အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာဖြစ်တယ်။ အဲဒီလိုလေ့ကျင့်တဲ့နေရာမှာ စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနဲ့ တပ်ဖွဲ့လိုက်လေ့ကျင့်ရေးများပါဝင်ပြီး လေ့ကျင့်ရေး မူဝါဒများနဲ့အညီ ဆောင်ရွက်သွားဖို့လိုအပ်တယ်။ စစ်သည်တိုင်း မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းဟာလည်း လေ့ကျင့်ရေးဆောင်ရွက်နေတာပဲဖြစ်တယ်။ တပ်မတော်ရဲ့ အရည်အချင်းဟာ လူတစ်ဦးစီရဲ့စွမ်းရည်ပေါ်မှာ အခြေခံပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနဲ့ ပေါင်းစပ်ရတာဖြစ်တဲ့အတွက် တစ်ဦးချင်းစွမ်းရည် မြင့်မားရေးကို အလေးအနက်ထားလုပ်ဆောင်ကြဖို့ တိုက်တွန်းမှာကြားလိုတယ်။

ရဲဘော်တို့

         စည်းလုံးညီညွတ်ခြင်းဟာ အင်အားကိုဖြစ်စေတယ်။ ဒါ့ကြောင့် တပ်မတော် အင်အားတောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်တွင်းစည်းလုံးညီညွတ်ရမှာဖြစ်သလို နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှုရှိရေးအတွက် တပ်မတော်နဲ့ပြည်သူ စည်းလုံး ညီညွတ်နေဖို့ တိုင်းရင်းသားပြည်သူများရဲ့ သားသမီးများဖြစ်တဲ့ ရဲဘော်တို့ဟာ တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထားလုပ်ဆောင်ကြရမယ်။

          တပ်မတော်သားများအနေနဲ့ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့်ကျင့်ဝတ် ၁၀ ပါး နဲ့အညီ နေထိုင်ကျင့်ကြံပြီး ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာပဲဖြစ်တယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်”ဆိုတဲ့အတိုင်း နိုင်ငံတော်ကို ဘက်ပေါင်းစုံကာကွယ်နိုင်ဖို့ဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ပူးပေါင်းပါဝင်မှသာ ခိုင်မာမယ်။ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝလုံခြုံမှသာ ပြည်သူများကလည်း စိတ်ရောကိုယ်ပါလက်တွဲ ဆောင်ရွက်နိုင်မှာဖြစ်လို့ ပြည်သူတို့အပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ်ဆောင်ရွက်ပေးကြရမယ်။ ဒေသအလိုက်ရှိတဲ့ ခေါင်းဆောင်များက ဒေသနဲ့ နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်ကို အမြဲလေ့လာသုံးသပ်ပြီး ဆောင်ရွက်သင့်တာများ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။ ဒီနေရာမှာ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ၊ “ကျန်းမာရေးသည် အဓိက၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်”ဆိုတဲ့အတိုင်း မိမိတို့ တိုင်းရင်းသားပြည်သူအပေါင်းကို ကာကွယ်စောင့်ရှောက်ကြရမယ်။  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့နေရာမှာ တို့တပ်မတော်သားတွေဟာ ကျရာနေရာအခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်သွားဖို့ ပြောကြားလိုတယ်။                                                               

ရဲဘော်တို့

         ကမ္ဘာ့နိုင်ငံအသီးသီးဟာ နိုင်ငံရဲ့ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စတဲ့အကြောင်းအချက်အလက်တွေ အပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့သင့်လျော်တဲ့ နိုင်ငံရေး စနစ်တစ်ခု ချမှတ်လျှောက်လှမ်းနေကြတာပဲဖြစ်တယ်။ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် မှာပဲဖြစ်တယ်။ ဒီမိုကရေစီဆိုတာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော် ဆောင်ရခြင်းဖြစ်တာကြောင့် ကဏ္ဍအသီးသီးမှာ တည်ငြိမ်အေးချမ်းမှု အရေးကြီးပြီး ဒီလိုဆောင်ရွက်ဖို့အတွက် ကြိုးပမ်းရာမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင် ကြဖို့လိုအပ်မှာပဲ ဖြစ်တယ်။

ရဲဘော်တို့

         နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို အသက်၊ သွေး၊ ချွေးတွေပေးဆပ်ပြီး ထမ်းဆောင်နေတဲ့ တို့တပ်မတော်သားတွေဟာ ငြိမ်းချမ်းရေးကို အလိုလားဆုံး အဖွဲ့အစည်းပဲဖြစ်တယ်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့တာနဲ့အညီ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ အဲဒီလိုဖိတ်ခေါ်ခဲ့ရာမှာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  ၇ ဖွဲ့နဲ့ လက်မှတ်ရေးထိုးခြင်းမပြုရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး  နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မဲ့ရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ NCA ပါ သဘောတူညီချက်တွေဟာ ပြည်ထောင်စုနဲ့ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားတာဖြစ်တယ်။ ဒါဟာ နိုင်ငံတော်နဲ့တိုင်းရင်းသားများအပေါ် အာမခံထားခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် နယ်ချဲ့တို့ရဲ့အမွေဆိုးဖြစ်တဲ့ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုတွေကို ဖယ်ရှားရမယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး မတူညီတဲ့အယူအဆတွေကို တူညီတဲ့ဘုံသဘောထားတွေနဲ့ ပေါင်းစည်းကြဖို့ လိုအပ်တယ်။

         ငြိမ်းချမ်းရေးဆွေးနွေးရာမှာလည်း တစ်ဖက်နဲ့တစ်ဖက် သဘောထားကြီးစွာနဲ့ ဆွေးနွေးဆောင်ရွက်သွားဖို့လိုအပ်သလို နိုင်ငံတော်အတွက် ဖြစ်နိုင်သည်များနဲ့ ဖြစ်သင့် သည်များကို ချိန်ထိုးပြီး အကောင်းဆုံးဖြစ်အောင် ဆွေးနွေးအဖြေ ထုတ်ရမှာပဲဖြစ် တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော် လည်း နိုင်ငံရေးရဲ့ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်မှသာ အနာဂတ်နိုင်ငံ တည်ဆောက် ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားလိုတယ်။ ယနေ့ အချိန်အထိ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိတယ်။

ရဲဘော်တို့

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရဟာ ယခင် NLD အစိုးရရဲ့ ရွေးကောက်ပွဲ မဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာအား မသမာတဲ့နည်းလမ်းနဲ့ အဓမ္မရယူ ကြိုးပမ်းခဲ့တာကို တားဆီးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တယ်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန် အစပိုင်းမှာ ဆူပူမှုများသာ ကြုံတွေ့ခဲ့ရပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်သမားတွေက အပြစ်မဲ့ပြည်သူများ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အခြားသောနေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရှိရမှာပဲဖြစ်တယ်။ ဒီမိုကရေစီအပေါ် သဘောထားကွဲလွဲမှုကြောင့် လုပ်ဆောင်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို မည်သည့်နိုင်ငံအစိုးရကမှ ခွင့်ပြုမှာမဟုတ်တဲ့အပြင် ဒီမိုကရေစီကို အကြမ်းဖက်နည်းလမ်းနဲ့လည်း ရရှိနိုင်မှာမဟုတ်ကြောင်းပြောကြားလိုတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုများဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG က ပေါက်ဖွား လာတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ၎င်းတို့ကိုကူညီနေတဲ့ အချို့ သော EAO များရဲ့ နိုင်ငံအပေါ်ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှု များသာ ဖြစ်တယ်။ အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်း ဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။

         တို့တပ်မတော်အနေနဲ့ အစိုးရကချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲ” ဖြစ်တယ်။ အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်း အချို့ကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ဒါ့ကြောင့် ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလမှာ အရေးကြီးတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိတယ်။ ဒါဟာ  ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ပျက်စီး အောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ပဲဆိုတာ ထည့်သွင်းပြောကြားလိုတယ်။  

ရဲဘော်တို့

         နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ရဲ့ နောက်ဆုံးအချက်မှာ “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုတဲ့ အချက်ကို အတိအလင်း ဖော်ပြထားပြီးဖြစ်တယ်။ ရွေးကောက်ပွဲကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတစွာနဲ့၊ ပြည်သူများ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးစေရေး၊ အကြားအလပ်မရှိ မဲပေးနိုင်ရေးကို ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးပဲဖြစ်တယ်။ အထွေထွေရွေးကောက်ပွဲဟာ ပြည်သူများက သူတို့ရဲ့ အနာဂတ်မျှော်လင့်ချက်အတွက် မဲပေးရွေးချယ် တင်မြှောက်ခြင်းဖြစ်တယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ပြီးစလွယ်လုပ်လို့မရနိုင်ဘူး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ ပြည်သူအပေါင်းက ယုံကြည်စွာ မဲပေးခဲ့ပေမဲ့ တိုင်ကြားမှုများစွာရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ရာမှာ မဲစာရင်းများ မသမာမှု ပြုလုပ်ခဲ့မှု၊ မဲပေးရာမှာ အမျိုးမျိုးအဖုံဖုံ မသမာမှုများနဲ့ မဲပေးခဲ့ကြမှုများ ပေါ်ပေါက်တာကြောင့် မြန်မာ့ဒီမိုကရေစီသမိုင်းတစ်လျှောက်မှာ အလွန်အကျည်းတန်ခဲ့ရတယ်။ နောက်ဆက် တွဲဖြစ်ပေါ်လာမှုများဟာ နိုင်ငံအတွက်ကြီးမားတဲ့ သင်ခန်းစာဖြစ်ခဲ့ရလို့ အလားတူ မဖြစ်ရလေအောင် ဆောင်ရွက်သွားကြရမယ်။ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ ပြည်သူတွေရဲ့ ရွေးကောက်ပွဲဖြစ်သလို အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို ပုံဖော်ဖန်တီး သွားမှာဖြစ်လို့ တို့တစ်တွေအားလုံး အသိတရားရှိရှိ အမြော်အမြင်ကြီးစွာနဲ့ ဆောင်ရွက် ကြဖို့လိုမယ်။ အကြမ်းဖက် အားပေးနိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတချို့က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှုကျူးလွန်တဲ့ CRPH၊ NUG နဲ့ ၎င်းတို့ လက်ဝေခံ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်နေတာဟာ အလွန်ပဲလွဲမှားနေတယ်။ NUG နဲ့ ၎င်းတို့လက်ဝေခံ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင် ဆောင်ရွက်သွားဖို့ လိုအပ် တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကို သတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက် သွားရမှာပဲဖြစ် တယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်သို့ ခိုင်မာစွာ လျှောက်လှမ်းနိုင်ရန်အတွက် လက်ရှိအစိုးရရဲ့ ကြိုးပမ်းလုပ်ဆောင်မှုများကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများရဲ့ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လေးစားပြီး အပြုသဘောဆောင်စွာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ဒီနေရာကနေ တစ်ဆင့် တိုက်တွန်းပြောကြားလိုတယ်။ တို့နိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အားလျော်စွာ အာဆီယံနဲ့ဆိုင်တဲ့ အရေးကိစ္စများကို အာဆီယံ စိတ်ဓာတ်၊ အာဆီယံ အမြင်၊ အာဆီယံ ပဋိညာဉ်တို့နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလို တယ်။

ရဲဘော်တို့

         ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရာမှာ အဓိက အခြေခံအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမှာပဲဖြစ်တယ်။ အဲဒီကနေတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိရာမှာ တို့တပ်မတော်ကလည်း ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားရမှာ ပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူက သူတို့ကိုကိုယ်စားပြုတဲ့သူတွေကို ကိုယ်တိုင်ရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ဖက်ဒရယ်ဆိုတာ တိုင်းဒေသကြီးတွေ၊ ပြည် နယ်တွေ၊ လူမျိုးတွေကို စုစည်းလုပ်ကိုင်ရာမှာ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်တယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် လက်ရှိရွေးကောက်ပွဲမှာ ကျင့်သုံးနေတဲ့ ဦးသူအနိုင်ယူ  (FPTP-First Past The Post) စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR-Proportional Representation) ကိုလည်း ပေါင်းစပ်ကျင့်သုံး ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များအတိုင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်။

ရဲဘော်တို့

         တို့တပ်မတော်အနေနဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စုကို တည်ဆောက်ဖို့အတွက် ခိုင်ခိုင်မာမာအာမခံထားပြီး ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများဖြစ်တဲ့ ပုဒ်မ ၆၊ ပုဒ်မ ၇၊ ပုဒ်မ ၈ တို့မှာပါဝင်တဲ့ ဒို့တာဝန် အရေး (၃)ပါး၊ ပါတီစုံဒီမိုကရေစီစနစ်၊ ပြည်ထောင်စု စနစ်တို့ကို ကာကွယ်စောင့် ရှောက်ဖို့အတွက် ပုဒ်မ ၂၀ (စ)အရ တပ်မတော်မှာ အဓိကတာဝန်ရှိတယ်လို့ ဖော်ပြ ထားပြီးဖြစ်တယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ မည်သည့်ခေတ်၊ မည်သည့်အစိုးရ ပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာ အဖ လို့ ခံယူပြီး နိုင်ငံတော်ကို ပါတီစုံ စနစ်ပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနဲ့ ပြည် သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲ ဆက်လက်တည်ရှိနေမှာဖြစ် ကြောင်းပြောကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ်အနေနဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များဖြစ်တဲ့-

  • ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝအောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အား တပ်မတော်၏ အဓိကတာဝန်အဖြစ် ထမ်းဆောင်ရေး။
  • ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူ ညီချက်များအပေါ် အခြေခံ၍ ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး။
  • နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရေး။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။

         ဆိုတဲ့ ဦးတည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြပါလို့ မှာကြား ရင်း နိဂုံးချုပ်လိုက်တယ်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၂၇-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲပြီး ရေမြေပိုင်နက်နယ်နိမိတ်နှင့် ခိုင်မာသော သမိုင်းကြောင်းရှိသည့် နိုင်ငံတစ်ခုဖြစ်။
  • ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှာ ကျယ်ပြန့်သည့် ပထမမြန်မာနိုင်ငံတော်ကြီး ခမ်းနားထည်ဝါစွာ ထူထောင်နိုင်ခဲ့သည့်အပြင် ဘုရင့်နောင်မင်းလက်ထက်မှာ ဒုတိယ မြန်မာနိုင်ငံတော်၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှာ တတိယ မြန်မာ နိုင်ငံတော်တို့ကို ပိုင်နက်နယ်ပယ်ကျယ်ဝန်းပြီး သာယာဝပြောသော နိုင်ငံများ အဖြစ်တည်ထောင်ခဲ့။
  • ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တိုင်းတစ်ပါးအုပ်စိုးမှုအောက်မှ မြန်မာနိုင်ငံကို လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပေးခဲ့သည့် အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ သန္ဓေတည်ပေါက်ဖွားလာခဲ့သော တပ်မတော်လည်းဖြစ်။
  • ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် တို့၌  နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အန္တ ရာယ်ကြီးမားသော အရေးကိစ္စများကြုံတွေ့လာသည့်အချိန်များမှာလည်း တပ်မတော်အနေဖြင့် မှန်ကန်သည့် ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နှင့်အတူ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးခဲ့။
  • တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်နှင့် ပြည်သူများ၏ လိုအင်ဆန္ဒများကို ဦးစားပေး အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့။
  • တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့သည့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီကို ထိန်းသိမ်း စောင့်ရှောက်နေခြင်းပင်ဖြစ်။
  • အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ပဋိပက္ခများဟာ “တောင်လဲရာ မြက်ပြတ်ဆိုသည့် စကားပုံအတိုင်း နိုင်ငံငယ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ် လေ့လာပြီး ကိုယ့်နိုင်ငံရှင်သန်ရပ်တည်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ အမြဲလုပ်ဆောင် နေရမည်ဖြစ်။
  • တပ်မတော် အင်အားတောင့်တင်းခိုင်မာမှုရှိရန် တပ်တွင်း စည်းလုံးညီညွတ်ရမည်ဖြစ် သလို နိုင်ငံ့အင်အား တောင့်တင်းခိုင်မာမှုရှိစေရန်အတွက် တပ်မတော်နှင့်ပြည်သူ စည်း လုံးညီညွတ်နေရန် တပ်ပြင်စည်းရုံးရေးကိုလည်း အလေးထားလုပ်ဆောင်ရန်လို။
  • မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်။
  • တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိ။
  • တပ်မတော်အနေဖြင့် အစိုးရကချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ နိုင်ငံ တစ်ဝန်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ် ဆောင်သွားမည်။
  • ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိ။
  • ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီသမိုင်းတစ်လျှောက်မှာ အလွန်အကျည်းတန်ခဲ့ရ။
  • အကြမ်းဖက် အားပေးနိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတချို့ က နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သည့် CRPH၊ NUG နှင့် ၎င်းတို့ လက်ဝေခံ PDF အဖွဲ့များ၏ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်နေခြင်းသည် အလွန်ပဲလွဲမှားနေ။
  • NUG နှင့် ၎င်းတို့လက်ဝေခံ PDF များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်း အောင် ဆောင်ရွက်သွားရန်လိုပြီး တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံကို ဖျက်ဆီး၍ ပြည်သူကိုသတ်နေသည့် အကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်။
  • မတူကွဲပြားသော ကိုယ်စားပြုမှုတွေရှိပြီး ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ် ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် လက်ရှိရွေးကောက်ပွဲတွင် ကျင့်သုံးနေသည့် ဦးသူအနိုင်ယူ  (FPTP-First Past The Post) စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ် (PR-Proportional Representation) ကိုလည်း ပေါင်းစပ်ကျင့်သုံး ဆောင်ရွက်သွား မည်ဖြစ်။
  • တပ်မတော်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရား မျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်ရန်အတွက် ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်။
  • တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာ အဖဟုခံယူပြီး နိုင်ငံတော်ကို ပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် နိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက်ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲ ဆက်လက်တည်ရှိနေမည်ဖြစ်။

Add new comment