လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးဆောင်သောအဖွဲ့ဝင် ၁၇ ဦးပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့သို့ မတ်လ ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့ပါသည်။
ရှေ့ပြေးစမ်းသပ်စီမံကိန်းဖြင့် ပြန်လည်လက်ခံရန်လျာထားသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနေဖြင့် မိသားစုလိုက် ပြန်လည်ဝင်ရောက်လိုကြောင်း မေတ္တာရပ်ခံလာသည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုဖြင့် ကျန်ရှိသည့်မိသားစုဝင်များကို စိစစ်နိုင်ရေးအတွက် မြန်မာဘက်က မျက်မြင်စစ်ဆေးရေးအဖွဲ့ကို ယခုကဲ့သို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
နေရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်ဟုဆိုသူ ၄၈၀ ကျော်ကို တက္ကနာ့ဖ် မြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထပ်မံမွေးဖွားသည့် ကလေးများ၏ အချက်အလက်များကို မေးမြန်းရယူခဲ့ကာ မြန်မာဘက်ရှိ သက်ဆိုင် ရာကော်မတီများထံတင်ပြ၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၃-၂၀၂၃)
- မြန်မာမျက်မြင်စစ်ဆေးရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊တက္ကနာဖ့်မြို့သို့သွားရောက်ကာ နေရပ်စွန့်ခွာသူများ၏ ဆက်စပ်မိသားစုဝင်ဟုဆိုသူ ၄၈၀ ကျော်ကို ပြန်လည်လက်ခံနိုင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့။
Add new comment