ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တရုတ်နိုင်ငံ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်စီမံကိန်းများအား သွားရောက်ကြည့်ရှုလေ့လာ

         လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုကို လေ့လာနိုင်ရန် တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ပေကျင်းမြို့တို့သို့ သွားရောက်လေ့ လာခဲ့ပါသည်။

ထိုသို့သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်-

  • မတ်လ ၂၀ ရက်တွင် ယူနန်ပြည်နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဝမ်ယူဘို ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ဆိုင်ရာညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး  ဦးသောင်းဟန်က မိမိတို့နိုင်ငံတွင် ရေအား၊ နေရောင်ခြည်၊ လေအားနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အရင်းအမြစ်များရှိ၍ ထပ်မံရင်းနှီးမြှုပ်နှံသူများ လာရောက်နိုင်ရန် ဖိတ်ခေါ်လိုကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ်တွင် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်သည်များကို ဆက်လက်ကူညီ ပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ယူနန်ပြည်နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူးက  စွမ်းအင်အသစ်ကဏ္ဍ နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ယူနန်ပြည်နယ်အစိုးရအနေဖြင့် မူအားဖြင့်ထောက်ခံလျက်ရှိကြောင်း၊ ဆက်လက် ၍လည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
  • မတ်လ ၂၁ ရက်တွင် အမျိုးသားစွမ်းအင်စီမံအုပ်ချုပ်ရေးအဖွဲ့ NEA ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာရန်ဂျင်းဒန် (Mr. Ren Jing Dong) နှင့်အဖွဲ့ကို တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားရရှိရန်အတွက် Master Plan ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲထားသော်လည်း နှစ်အလိုက် ထုတ်လုပ်မှုနှင့်သုံးစွဲမှု မမျှတသောကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်လျက်ရှိကြောင်း၊ ယခုကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်း နိုင်ရန်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန်လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးရန် ဆွေးနွေးခဲ့။
  • မတ်လ ၁၈ ရက်တွင် ယူနန်ပြည်နယ် ချင်းဂျာမြို့အနီးရှိ စက်တပ်ဆင်အင်အား ၁၀၀၀ မဂ္ဂါဝပ် ၁၆ လုံးဖြင့် ၁၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နေသော (Baihetan) ဘိုင် ဟေထန် ရေအားလျှပ်စစ်စက်ရုံစီမံကိန်း၏ တည်ဆောက် ထုတ်လုပ်နေမှုများကို လည်းကောင်း၊ မတ်လ ၁၉ ရက်တွင် Yunnan Provincial Energy Investment Group (YEIG) ကုမ္ပဏီမှ ၃၉၀ မဂ္ဂါဝပ်  ထုတ်လုပ် ပို့လွှတ်လျက်ရှိသော လေအားလျှပ်စစ်စီမံကိန်းများကိုလည်းကောင်း   သွားရောက်လေ့လာခဲ့။
  • မတ်လ ၂၂ ရက်တွင် တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများဖြစ်သည့် ရွှေလီ(၁)ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေသော ဟွာနန်းလန်းချန်းကုမ္ပဏီ၊ ရေအားလျှပ်စစ် စက်ရုံစီမံကိန်းများအတွက် ပစ္စည်းများပေးသွင်းနေပြီး လေအားလျှပ်စစ်စီမံကိန်း ထုတ်လုပ်လျက်ရှိသည့် YEIG ကုမ္ပဏီ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံစီမံကိန်းများ ဆောင်ရွက်လျက်ရှိသည့် ခီဒီးကုမ္ပဏီ၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်းများတွင် ဆောင်ရွက်လျက်ရှိသည့် China Southern Power Grid  ကုမ္ပဏီ၊ ရေအားလျှပ်စစ်စီမံကိန်း များ ဆောင်ရွက်နေသော SPIC ကုမ္ပဏီ၊ Datang ကုမ္ပဏီ၊ CEEC ကုမ္ပဏီ၊ State Grid ကုမ္ပဏီတို့နှင့်တွေ့ဆုံခဲ့ပြီး ကုမ္ပဏီများ၏ လိုအပ်ချက်၊ ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံတွင် ရေအား၊ နေရောင်ခြည်၊ လေအားနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အရင်းအမြစ်များရှိ၍ ထပ်မံရင်းနှီးမြှုပ်နှံသူများ လာရောက်နိုင်ရန် ဖိတ်ခေါ်လို။
  • မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ် အားရရှိရန်အတွက် Master Plan ကို ရေးဆွဲထားပြီးဖြစ်။
  • ယခုကာလတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် တတ်နိုင်သမျှ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်း နိုင်ရန်စီမံဆောင်ရွက်လျက်ရှိ။
  • မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံရန် လာရောက်သူများကို (NEA) အနေဖြင့် ခွင့်ပြုပံ့ပိုးပေးရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့။

 

Add new comment