မီဇိုရမ်ပြည်နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးအပါအဝင် အိန္ဒိယနိုင်ငံသားသုံးဦး၏ မီးလောင်ကျွမ်းထားသော ရုပ်အလောင်းများကို အိန္ဒိယ-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းရှိ တောထဲတွင်ရှာတွေ့ကြောင်း၊ အဆိုပါအိန္ဒိယနိုင်ငံသားသုံးဦးသည် ရှီဟာဒေသ Ainak ရွာမှ မြန်မာနိုင်ငံဘက်ခြမ်းကို သွားရောက်ပြီးနောက် မတ်လ ၁၉ ရက်နေ့တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါအိန္ဒိယနိုင်ငံသားသုံးဦးသည် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး နှစ်နိုင်ငံနယ်စပ်ဒေသမှ ၂ ကီလိုမီတာအကွာရှိ တောထဲတွင် မတ်လ ၂၃ ရက်နေ့က ယင်းတို့၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးဖြစ်သော Lalbiakthanga Khiangte က ပြောကြားခဲ့ပါသည်။
ကနဦးသတင်းများအရ လက်နက်ဝယ်ယူရာတွင် အိန္ဒိယရူပီးငွေ ၅ သိန်းခွဲခန့် လိမ်လည်ခဲ့သောကြောင့် ချင်းလက်နက်ကိုင်စစ်သွေးကြွများက ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ သေဆုံးသွားသူများသည် Biaksuii (၄၈ နှစ်)၊ B. Lalthafamkima (၄၀ နှစ်)နှင့် Babloo (၃၇ နှစ်)တို့ ဖြစ်ပြီး မီဇိုရမ်ပြည်နယ်၊ ရှီဟာဒေသတွင် နေထိုင်သူများဖြစ်ကြောင်းဖော်ထုတ်သိရှိရပါသည်။
မီဇိုရမ်ပြည်နယ်တွင်နေထိုင်သူသုံးဦး၏ သေဆုံးမှုသည် ချင်းအမျိုးသားတပ်ဦး(CNF)မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း အိန္ဒိယ-မြန်မာနယ်စပ်အနီးဒေသများတွင် လှုပ်ရှားလျက်ရှိသော အဆိုပါ သောင်းကျန်းသူများသည် အစိုးရကို တိုက်ခိုက်ရန်နှင့် ဒေသခံများအပေါ် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် လက်နက်တပ်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံဘက်မှ ဒေသခံများ၏ပြောဆိုချက်များအရ သိရှိရပါသည်။ မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံဘက်တွင် ဖြစ်ပွားခဲ့သည့် မီဇိုရမ်ပြည်နယ်သား သုံးဦးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်လျက်ကြောင်း သိရှိရပါသည်။
Add new comment