ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူလူထုကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အမြန်လူစီးရထားခရီးစဉ် (၁၈) ခု၊ စာပို့ရထား ခရီးစဉ် (၁၂) ခု၊ လူစီးကုန်တင် ရထားခရီးစဉ် (၈) ခုတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃၀) ခု၊ စုစုပေါင်းရထားခရီးစဉ် (၆၈) ခုတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲပေးလျက်ရှိပါသည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အမြန်ရထား (၄) စင်း၊ စာပို့ရထား (၂) စင်းနှင့် လူစီးကုန်တင်ရထား (၂) စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအခြေအနေအရ အခြေခံပညာကျောင်းများ အတန်းတင်စာမေးပွဲပြီးစီးပြီဖြစ်၍ ပြည်သူများသည် မိသားစုအလိုက် ခရီးဝေးသွားလာခြင်း၊ ဘုရားဖူးခရီးစဉ်များ သွားလာခြင်းတို့ဖြင့် ရထားများအားလုံးတွင် ခရီးသည်များတွဲဆိုင်းအပြည့် လိုက်ပါစီးနင်းလျက်ရှိပါသည်။
အဆိုပါ ရထားခရီးစဉ်များအနက် မတ်လ ၂၁ ရက်တွင် ရန်ကုန်မှ မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားအား အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာပက်စက်စွာဖြင့် ရထားလမ်းဘေးမှ အင်အားပြင်း လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ရထားစက်ခေါင်း၏ လေကာမှန်များ ကွဲအက်ပျက်စီးခြင်း၊ စက်ခေါင်းနောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ တက်/ဆင်းပေါက် တံခါးမကြီးတစ်ခု ပြုတ်ထွက်ခြင်း၊ ပြတင်းပေါက်နှစ်ပေါက် ပျက်စီးခြင်းအပြင် စီမံကိန်းဆောင်ရွက်နေသည့် အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီးဖားတုံးအသစ် (၃) တုံးတို့ ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အဆိုပါလူစီးတွဲ၌ လိုက်ပါလာသည့် ခရီးသည်အမျိုးသား (၂) ဦးတို့၏ ဦးခေါင်းနှင့်လက်တို့တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်းနေသည့် ခရီးသည် စုစုပေါင်း (၃,၀၀၀) ဦး ခန့် လမ်းခရီး၌ ကြန့်ကြာခဲ့ရသဖြင့် ရထားစီးအခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည်။
သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၀၉) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၃၇) ကြိမ်၊ ဘူတာများအား မီးရှိုဖျက်စီးခြင်း (၁၁) ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများအား ပြည်သူတစ်ရပ်လုံးမှ ရွံ့ရှာမုန်းတီးလျက် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချမှုများဖြင့် တုံ့ပြန်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၃-၂၀၂၃)
- ရန်ကုန်မှမန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားအား အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာပက်စက်စွာဖြင့် ရထားလမ်းဘေးမှ အင်အားပြင်း လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲခဲ့သဖြင့် အမြန်လူစီးရထား ထိခိုက်ပျက်စီး၍ ခရီး သွားပြည်သူ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့။
- သောင်းကျန်းသူအဖွဲ့များအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၀၉) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၃၇) ကြိမ်၊ ဘူတာများအား မီးရှိုဖျက်စီးခြင်း (၁၁) ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်။
Add new comment