နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မုံရွာမြို့ပေါ်ရှိစာသင်တိုက်များမှသံဃာတော်များအတွက်ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို မတ်လ ၂၀ ရက်တွင် မုံရွာမြို့ရှိ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော်နှင့် ရန်ကင်းကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် မုံရွာမြို့ပေါ်ရှိ စာသင်တိုက် ၇ တိုက်တို့မှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော်၊ ရန်ကင်းကျောင်းတိုက်ဆရာတော်နှင့် ဓမ္မပါရဂူကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့်ပဲများကို ဆက်ကပ်လှူဒါန်းကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံသို့ သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများကို တင်ပြလျှောက်ထားကာ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူခဲ့ပါသည်။

        မတ်လ ၂၀ ရက်တွင်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော် ၇၉၁ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတွင် လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ဆန် ၁၈၁ အိတ်၊ ဆီ ၃၂၆ ပိဿာ၊ ဆား ၂၇၂ ပိဿာ၊ ပဲ ၃၂၆ ပိဿာ၊ ကြာဇံ ၁၆၃ ပိဿာနှင့် နဝကမ္မအလှူငွေအနေဖြင့် စာသင်တိုက် တစ်တိုက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် ၃၅၀ သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၃-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော်၊ ရန်ကင်းကျောင်းတိုက်ဆရာတော်နှင့် ဓမ္မပါရဂူကျောင်းတိုက်ဆရာတော်တို့အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ ဆန်၊ ဆီ၊ ဆားနှင့်ပဲများကို ဆက်ကပ်လှူဒါန်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မုံရွာမြို့ရှိစာသင်တိုက်များမှ သံဃာတော် ၇၉၁ ပါးအတွက် လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ဆန် ၁၈၁ အိတ်၊ ဆီ ၃၂၆ ပိဿာ၊ ဆား ၂၇၂ ပိဿာ၊ ပဲ ၃၂၆ ပိဿာ၊ ကြာဇံ ၁၆၃ ပိဿာနှင့် နဝကမ္မအလှူငွေအနေဖြင့် စာသင်တိုက် တစ်တိုက်လျှင် ကျပ်သိန်း ၅၀ နှုန်းဖြင့် ငွေကျပ် ၃၅၀ သိန်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့။

Add new comment