(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ရောင်းချနိုင်မှုအခြေအနေ

       (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိပြီး ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။

  • ကျောက်မျက်ရတနာပြပွဲ ပထမနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ခင်းကျင်းပြသထားသည့်  ပုလဲအတွဲများ၊  ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့။

  • ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲအမှတ်(၁) မှ အတွဲအမှတ် (၁၅၀)အထိ ခင်းကျင်းပြသထားပြီး ပုလဲအတွဲပေါင်း ၁၄၇ တွဲရောင်းချနိုင်ခဲ့။

  • ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလအတွဲအမှတ်(၁၅၁) မှ အတွဲအမှတ် (၂၉၅) အထိ ပုလဲအတွဲပေါင်း ၁၄၅ တွဲကို ခင်း ကျင်းပြသထားပြီး ပုလဲအတွဲပေါင်း ၁၄၃ တွဲ ရောင်းချနိုင်ခဲ့။

        ပုလဲအတွဲများကို   မတ်လ ၁၇ ရက်တွင် စတင်ခင်းကျင်းပြသပြီး မတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသပြီး မတ်လ ၂၀ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို မတ်လ ၁၇ ရက်မှ ၂၀ ရက် အထိ ခင်းကျင်းပြသပြီး မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။

        ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် အခြေခံဈေးထားရှိပြီး ကျောက်မျက်အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ သို့မဟုတ်  ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပကုန် သည်များသည် အမေရိကန်ဒေါ်လာ သို့မဟုတ် ယွမ်ငွေ သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပကုန်သည်များသည် အမေရိကန် ဒေါ်လာ သို့မဟုတ် ယွမ်ငွေ  သို့မဟုတ် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်းနှင့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၃-၂၀၂၃)

 

  • (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ ၂၃ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး မတ်လ ၁၉ ရက်အထိ ပုလဲအတွဲပေါင်း ၂၉၀ တွဲ ရောင်းချနိုင်ခဲ့။

 

Add new comment