၂၀၂၃ ခုနှစ်၊ (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြပြီးနောက် ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများနှင့် ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)မှ ထွက်ရှိသည့် ၃၅ တန်ရှိကျောက်စိမ်းတုံးကြီးနှင့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ယခု ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၂,၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့်လည်းကောင်း ကြမ်းခင်းဈေးသတ်မှတ်ထားပြီး နိုင်ငံခြားငွေဖြင့်သာပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်း ဘတ်ငွေတို့ဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေ (သို့မဟုတ်) မြန်မာကျပ်ငွေဖြင့်ပေးချေရမည့် ကျောက် စိမ်းအတွဲများအတွက် ပြည်တွင်းရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်း ကောင်း ပေးချေရမည်ဖြစ်ကြောင်း၊ ယခု ကျင်းပပြုလုပ်သည့် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၃-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူ များသည် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများနှင့် ခန်းမအပြင်ဘက်တွင်ခင်းကျင်းပြသထားသည့် လုံးခင်း/ ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ ၂ မှ ထွက်ရှိသည့် ၃၅ တန်ရှိ ကျောက်စိမ်းတုံးကြီးနှင့် ကျောက်စိမ်းရိုင်းအတွဲများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့။
- ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၂၁၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်။
Add new comment