ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း KNDF/KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ပအိုဝ်းသံဃာတော်များနှင့် လူမျိုးများအား လူမဆန်စွာသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ်ကျေးရွာအတွင်းသို့ မတ် ၁၁ ရက်က KNDF/KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရက်စက်မိုက်မဲစွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နမ့်နိမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ ၁၇ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်းကို မတ်လ ၁၅ ရက်တွင် ရဟန်းသံဃာတော်များနှင့် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ကွင်း၌ စုပေါင်း၍ ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

      ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ်တလင်းဖန်တီးမှု အလိုမရှိ၊ အပြစ်မဲ့ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများအားသတ်ဖြတ်မှု အလိုမရှိ၊ သတင်းမှန်ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများအလိုမရှိ၊ ပအိုဝ်းပြည်သူ လူထုပိုင်ပစ္စည်းဥစ္စာများအား အတင်း အဓမ္မခိုးယူနေသော အကြမ်းဖက်သမားများ အလိုမရှိ၊ သာသနာ့အဆောက်အဦများ၊ ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ အလိုမရှိ၊ ကျေးရွာနှင့် လူနေအိမ်များ၊ ဒေသခံများကို လူသားဒိုင်းကာအဖြစ်အသုံးပြုမှုများ အလိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေး ဒို့အရေး စသည့် ကြွေး ကြော်သံများ ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)

 

  • ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း KNDF/KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက ပအိုဝ်းသံဃာတော်များနှင့် လူမျိုးများအား လူမဆန်စွာ သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၁၅ ရက်တွင် ရဟန်းသံဃာတော်များနှင့် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများစုပေါင်း၍ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်ကွင်း၌ ပြုလုပ်ခဲ့။

Add new comment