မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏ တပ်မတော်များနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာအားကောင်းစေရန် အပြန်အလှန်လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်နှင့် ရုရှားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာ အားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မြန်မာ - ရုရှားနှစ်နိုင်ငံ ဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Myanmar - Russia Cadets Swimming Competition) ကို မတ်လ ၁၄ ရက်မှ ၁၅ ရက်အထိ ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်အဆင့်မြင့် စာပေဗဟိုဌာန၊ ရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါရေကူးပြိုင်ပွဲကို မြန်မာ့တပ်မတော်ဗိုလ်လောင်းများအနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုမြှင့်တင်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဗိုလ်လောင်း (၁၂) ဦး နှင့် ရုရှားနိုင်ငံမှ ဗိုလ်လောင်း(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် မီတာ(၁၀၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ(၂၀၀)အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ(၂၀၀) လိပ်ပြာကူး ပြိုင်ပွဲ၊ မီတာ(၁၀၀) ၄ ယောက်တွဲ လက်ဆင့်ကမ်းအလွတ်ကူးပြိုင်ပွဲ၊ မီတာ (၂၀၀) ပက် လက်ကူးပြိုင်ပွဲ၊ မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ(၅၀)ပက်လက်ကူးပြိုင်ပွဲ၊ မီတာ(၅၀) ရင်ဘောင်တန်းကူး ပြိုင်ပွဲ၊ မီတာ(၁၀၀) ၄ ယောက်တွဲ လက်ဆင့်ကမ်းလေးမျိုးကူးပြိုင်ပွဲစသည့် ပြိုင်ပွဲများ ပါဝင်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်ကိုလေး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ Colonel Dmitry Vladimirovich ZHUCHKOV ၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုများရရှိခဲ့ကြသည့် ဗိုလ်လောင်းများကို သက်ဆိုင်ရာတပ်မတော်အရာရှိကြီးများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၃-၂၀၂၃)
- မြန်မာ - ရုရှား နှစ်နိုင်ငံဗိုလ်လောင်းများရေကူးပြိုင်ပွဲ (Myanmar - Russia Cadets Swimming Competition)နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်မှ ၁၅ ရက်အထိ ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်အဆင့်မြင့် စာပေဗဟိုဌာန၊ ရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့။
Add new comment