လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ သိမ်းဆည်းရမိ

လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ပါသည်။ ဇန်နဝါရီလ ၇ ရက် ညနေ ၆ နာရီခန့်တွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်-

· ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီး၌ လွိုင်လင် မှတောင်ကြီးဘက်သို့ မြင့်စိုးမောင်းနှင်ပြီး ကျော်စိုင်း(ခ) အားကျုံးလိုက်ပါလာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ် အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်  အဖက်တမင်း) ၆၃၅ ကီလို သိမ်းဆည်း ရမိခဲ့။

· သတင်းကွင်းဆက်အရ ည ၇ နာရီခန့်တွင် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ချိုခမ်းကျေးရွာနှင့် မိုင်းပွန်ကျေးရွာကြား၌ သက်ဇူးမောင်းနှင်ပြီး ဇေခေါင်လိုက်ပါ လာသည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်အား ဆက်လက်ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့။

· ည ၈ နာရီခန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကိုအောင်(ခ)နော်တောင် နှင့် မာလ(ခ)ရှူရွယ်တို့အား လွိုင်လင်မြို့အဝင် တိုးဂိတ်အနီး၌ HIJET မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၂၃၈ ကီလို သိမ်းဆည်းရမိခဲ့။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား တန့်ယန်းမြို့နယ်၊ မိုင်းကောင်မှ တောင်ကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၆ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။ 

  • ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်သည့် တရားခံ ၆ ဦးနှင့်အတူ ငွေကျပ် ၁၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့။

 

Add new comment