တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

        ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၆ ရက်မှ ၁၂ ရက်ထိ သံတွဲမြို့၊ ရမ်းဗြဲမြို့၊ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့တို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅,၂၆၅ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁,၄၆၀ ဦး၊ ခွဲစိတ်ရောဂါ ၃၁၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၂၂ ဦး၊ ကလေးရောဂါ ၂၀၇ ဦး၊ အရိုးရောဂါ ၉၅၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ  ၄၀၇ ဦး၊ မျက်စိရောဂါ ၁,၂၇၂ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၄၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့သည့်အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၃၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၁၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၄၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

      ထို့အပြင် မျက်စိခွဲစိတ်လူနာ ၄၀ ဦးအနက် ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် မျက်စိအထောက်အကူပြုပစ္စည်းများပေးအပ်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၃-၂၀၂၃)

 

  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၆ ရက်မှ ၁၂ ရက်ထိ သံတွဲမြို့၊ ရမ်းဗြဲမြို့၊ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့တို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅,၂၆၅ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက် လက်ဆောင်ရွက်ပေးနိုင်ခဲ့။
  • ခွဲစိတ်ကုသရန်လိုအပ်သူစုစုပေါင်း ၉၂၉ တို့အား ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများအပြင်  မျက်စိခွဲစိတ်လူနာ ၄၀ ဦးအနက် ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခဲ့ပြီး စားသောက်ဖွယ်ရာများနှင့်မျက်စိအထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့။

Add new comment