မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများကို လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို မတ်လ ၁၀ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဗဟိုကော်မတီဝင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ကျင့် သုံးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များက ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ အကဲဖြတ်အတည်ပြုဆုံးဖြတ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(PR System) ဖြင့် ကျွမ်းကျင် ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစားလေးမျိုး သတ် မှတ်ခွင့်ပြုပေးလျက်ရှိရာ စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်မှ ယခုအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၇၄၆ ဦးရှိပြီး မိသားစု အပါ အဝင် ၆၇၀ ကို အတည်ပြုခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ ခုနစ်ဦး၊ လျှောက်ထားခြင်းကို ပြန်လည် ရုပ်သိမ်းသူတစ်ဦး၊ သေဆုံးသူတစ်ဦးရှိပါသည်။
ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန်ကျန်ရှိသူ ၃၇ ဦးနှင့် မိသားစုဝင် ၁၀ ဦး၊ ပြီးခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးမှ စိစစ်ခွင့်ပြုသူ ၁၇ ဦးနှင့် မိသားစုဝင်တစ်ဦးရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ ၃၇ ဦးနှင့် နောက်ဆုံးစိစစ်ပြီးသူ ၁၇ ဦး စုစုပေါင်း ၅၄ ဦးအနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ ၂၁ ဦးကို လူတွေ့မေးမြန်း အကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၃)
- မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်(PR System) ဖြင့် ၂၀၁၅ ခုနှစ်မှ ယခုအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း ၇၄၆ ဦးရှိပြီး မိသားစု အပါအဝင် ၆၇၀ ကို အတည်ပြုခွင့်ပြုပေးခဲ့ပြီးဖြစ်။
- ယခုအစည်းအဝေးတွင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်း အကဲဖြတ်ရန်ကျန်ရှိသူ ၃၇ ဦးနှင့် နောက်ဆုံးစိစစ်ပြီးသူ ၁၇ ဦး စုစုပေါင်း ၅၄ ဦးအနက် လူတွေ့စစ်ဆေးခြင်းခံယူရန် အကြောင်းပြန်ကြားသူ ၂၁ ဦးကို လူတွေ့မေးမြန်း အကဲဖြတ်ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်။
Add new comment