​​​​​​​(၁၉) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံမှပါဝင်တက်ရောက်

        နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် မတ်လ ၉ ရက် တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၉) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ် စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘင်းမ်စတက် အတွင်းရေးမှူး ချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

      အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က-

  • ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံက  ဘင်းမ်စတက်အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းလျက် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူး ပေါင်းဆောင်ရွက်မှုလုပ်ငန်း စီမံချက် (၂၀၂၃-၂၀၂၇) ပြုစုရေးဆွဲခဲ့ပြီး အတည်ပြုနိုင်ခဲ့မှုအပေါ် ကြိုဆိုကြောင်း။
  • ဘင်းမ်စတက်မူဘောင်အောက်ရှိ ကတိကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် လိုအပ်သကဲ့သို့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အခြေခံမူများကို ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံအား လုံးက အလေးထားလိုက်နာကျင့်သုံးရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

       အစည်းအဝေး၌ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက မတ်လ ၈ ရက်တွင် ထိုင်းနိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက်  ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး အစီရင်ခံစာကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဝန်ကြီးများသည် (၁၉) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)

 

  • မြန်မာနိုင်ငံက ဘင်းမ်စတက် အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းလျက် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ပြုစု ရေးဆွဲခဲ့ပြီး အတည်ပြုနိုင်ခဲ့မှုအပေါ် ကြိုဆို။
  • (၁၉) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် အတည်ပြုနိုင်ခဲ့။

 

Add new comment