ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများ မှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၈ ရက်နှင့် ၉ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ IDP စခန်း ပြောင်းရွှေ့ နေရာချထားမည့်လုပ်ငန်းစဉ်များ ဆောင်ရွက်မှုများနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်-
- မတ်လ ၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရပြန်လည်လက်ခံ ရေးစခန်းမှ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ လှဖိုးခေါင်ယာယီနေရာချထားရေး စခန်းအတွင်း ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စစ်တွေမြို့ရှိ သဲချောင်းဈေး၊ ဒါးပိုင် IDP စခန်းနှင့် သက္ကေပြင် IDP စခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့။
- မတ်လ ၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ အမျိုးသမီးများအား နည်းမျိုးစုံ အကြမ် းဖက်ခြင်းမှ စောင့်ရှောက်သည့်ဂေဟာ (OSWSC) ရှိ စောင့်ရှောက်ခံအမျိုးသမီးများနှင့် ကလေးငယ်များကို အားပေးစကား ပြောကြားကာ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကလေးကစားစရာများကို ထောက်ပံ့ပေးအပ်ခဲ့။
- စစ်တွေမြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသို့ရောက်ရှိပြီး သင်တန်းတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်းသူများနှင့် IDP စခန်းများမှ အမျိုးသမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်-
- ကျောက်တစ်လုံး IDP စခန်း ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ IDP စခန်းအတွင်းရှိ မိသားစုဝင်များနှင့် တွေ့ဆုံ၍ IDP စခန်းပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေ အနေတို့ကို ကြည့်ရှုလေ့လာခဲ့ပြီးနောက် IDP စခန်းရှိ အိမ်ထောင်စု ၃၇၅ စုအတွက် Family Kit များနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း၊
- IDP စခန်းအသစ် ပြန်လည်နေရာချထားမည့်နေရာတွင် နေအိမ်မရရှိသေးသည့် အိမ်ထောင်စုခုနစ်စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၅ သိန်းနှင့် IDP စခန်းရှိ ဆေးပေးခန်းအတွက် ဆေးရုံသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ သွားရောက်၍ စက်ရုံဝင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ သက္ကေပြင် IDP စခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးနေမှုတို့ကို ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၃-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်မှ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်လေ့လာခဲ့။
Add new comment